မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ လာမယ့်နွေရာသီ အပြောင်းအရွှေ့စျေးကွက်အတွင်းမှာ လိဒ်စ်ယူနိုက်တက်အသင်းရဲ့ တောင်ပံကစားသမားလည်းဖြစ်သလို သူတို့အသင်းရဲ့ အဓိက ကွင်းလယ်ကစားသမားတစ်ဦးဖြစ်တဲ့ ဘရူနိုဖာနန်ဒက်စ်နဲ့ စပို့တင်းလစ္စဘွန်းအသင်းမှာ တွဲဖက်ညီညီ ကစားခဲ့ဖူးတဲ့ ကစားဖော်ဟောင်းလည်းဖြစ်တဲ့ ရာဖင်ညာကို အသင်းဆီ အရခေါ်ယူသွားဖွယ် ရှိနေတယ်လို့ Manchester Evening News ကနေ ဖော်ပြလာခဲ့ပါတယ်။

Photo Credit : Goal

အသက်(၂၄)နှစ်အရွှယ်ရှိ ဘရာဇီးညာတောင်ပံကစားသမား ရာဖင်ညာဟာ ပြီးခဲ့တဲ့ နွေရာသီအပြောင်းအရွှေ့စျေးကွက်ရဲ့ နောက်ဆုံးနေ့ကမှ ပြင်သစ်လီဂူးကလပ် ရန်းစ်အသင်းကနေ လိဒ်စ်ယူနိုက်တက်ဆီကို ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး အသင်းအတွက် ပရီးမီးယားလိဂ် (၁၈)ပွဲအထိ ပါဝင်ကစားထားခဲ့ကာ (၄)ဂိုးသွင်း (၅)ဂိုးဖန်တီးထားနိုင်ခဲ့ပါတယ်။ ရာဖင်ညာဟာ ပရီးမီးယားလိဂ်ကို မရောက်ရှိခင်တုန်းက ပေါ်တူဂီကလပ် စပို့တင်းလစ္စဘွန်းအသင်းမှာ ပါဝင်ကစားခဲ့ဖူးသလို ယူနိုက်တက်အသင်းရဲ့ ပေါ်တူဂီကွင်းလယ်ကစားသမား ဖာနန်ဒက်စ်နဲ့လည်း အရင်းနှီးဆုံး အသင်းဖော်တွေ ဖြစ်ခဲ့ပါသေးတယ်။

Photo Credit : Maisfutebol

ဖာနန်ဒက်စ်နဲ့ ရာဖင်ညာတို့နှစ်ယောက်ဟာ စပို့တင်းအသင်းမှာ အကောင်းဆုံး အတွဲအဖက်ဖြစ်ခဲ့ပြီး သူတို့နှစ်ယောက်ပေါင်းကနေ အသင်းအတွက် သွင်းဂိုး(၃၉)ဂိုးနဲ့ ဂိုးဖန်တီးမှု(၂၃)ကြိမ်အထိကို ရရှိခဲ့ပါတယ်။ ဒါကြောင့် ယူနိုက်တက်အသင်းဘက်ကနေ ဖာနန်ဒက်စ်ရဲ့ အသင်းဖော်ဟောင်း ရာဖင်ညာကို ခေါ်ယူသွားဖို့ စိတ်ဝင်စားလာခဲ့ရတာဖြစ်ပြီး အသင်းရဲ့ လိုအပ်ချက်တစ်ခု ဖြစ်လို့နေတဲ့ ညာတောင်ပံနေရာအတွက် ရာဖင်ညာနဲ့ ဖြည့်တင်းသွားဖို့ စီစဉ်လာခဲ့တာဖြစ်ပါတယ်။ လက်ရှိမှာတော့ ဂရင်းဝုဒ် ရပ်ရှ်ဖိုဒ့်တို့က ညာခြမ်းတိုက်စစ်နေရာမှာ ဝင်ရောက်ကစားနေရပြီး (၂)ဦးလုံးက သိပ်ခြေစွမ်းပြနိုင်ခြင်း မရှိသလို လူငယ်ကစားသမားလေး အာမတ်ကလည်း အသင်းကြီးမှာ ပါဝင်ကစားဖို့ အဆင့်သင့်မဖြစ်နေသေးတာကြောင့် ရာဖင်ညာကို ခေါ်ယူဖို့ကိုပဲ ဦးစားပေးလာခဲ့တာဖြစ်ပါတယ်။ တကယ်တော့ ယူနိုက်တက်ဟာ ညာတောင်ပံတိုက်စစ်နေရာအတွက် ဒေါ့မွန်အသင်းရဲ့ အင်္ဂလန်ကြယ်ပွင့်ကစားသမား ဂျေဒန်ဆန်ချိုကို အဓိကထားပြီး ခေါ်ယူချင်နေတာဖြစ်ပေမယ့် ကစားသမားရဲ့ ပြောင်းရွှေ့ကြေး အလွန်မြင့်မားလွန်းနေတာကြောင့် ဆန်ချိုထက် စျေးသက်သာနိုင်တဲ့ ရာဖင်ညာကိုပဲ ပြောင်းလဲပစ်မှတ်ထားလာခဲ့တာဖြစ်ပါတယ်။