မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ဘိုင်ယန်မြူးနစ်အသင်းရဲ့ ဂျာမနီ တောင်ပံကစားသမား ဂနာဘရီ နဲ့ အသက်လက်တီကို နောက်ခံလူ ယီမီနက်ဇ်တို့ကို လာမယ့် ဈေးကွက်အတွင်းမှာ ခေါ်ယူသွားဖို့အတွက် စိတ်ဝင်စားမှုတွေ ရှိနေတယ်လို့ သတင်းထွက်ပေါ်လာခဲ့ပါတယ်။

ယူနိုက်တက်အသင်းက ပြီးခဲ့တဲ့ နွေဈေးကွက်မှာ အသင်းအတွက် ဟွိုင်လန်း အိုနာနာ မေဆန်မောင့် အမ်မရာဘတ် ဘယင်ဒါ ရယ်ဂီလွန် နဲ့ အီဗန်စ်တို့ကို ခေါ်ယူထားပေမယ့်လည်း အသင်းက ခုထိ ပုံစံကောင်းမှာ ရှိမနေသေးပဲ ရုန်းကန်နေရပါတယ်။

Photo Credit : The Mirror

ဒါ့အပြင် အသင်းရဲ့တောင်ပံကစားသမားတွေထဲက အန်တိုနီဆိုရင် ရည်းစားဟောင်းပေါ် ကိုယ်ထိလက်ရောက် အကြမ်းဖက်ခဲ့တယ်ဆိုပြီး အမှုရင်ဆိုင်နေရသလို ဆန်ချိုကလည်း နည်းပြ အဲရစ် တန်ဟက်ဂ်ရဲ့ တင်းမာမှုတွေ ရှိနေကာ အသင်းဘက်က သီးသန့် လေ့ကျင့်ဆင်းဖို့အထိပါ ညွှန်ကြားထားခဲ့ရပါသေးတယ်။

ဒီလို အခြေအနေမှာ အသင်းရဲ့ ရှိရင်းစွဲ ကစားသမားတွေရဲ့ စွမ်းဆောင်ရည်တွေပါ တဖြည်းဖြည်း ကျဆင်းနေရသလို နောက်ဆုံး ထွက်ပေါ်နေတဲ့ သတင်းတွေမှာဆိုရင်လည်း အဝတ်လဲခန်းအတွင်း ကစားသမားတွေ အချင်းများကြတယ်လို့ပါ သတင်းထွက်ခဲ့ပါသေးတယ်။

Photo Credit : Bavarian Football Works

ဒီလို အချိန်မှာ တန်ဟက်ဂ်က လာမယ့် ဆောင်းဈေးကွက်အတွင်း အသင်းရဲ့ တောင်ပံ နဲ့ ခံစစ်နေရာတွေအတွက် ဂနာဘရီ နဲ့ ယီမီနက်ဇ်တို့ကို အသင်းဆီ ခေါ်ဆောင်သွားဖို့ စိတ်ဝင်စားလာခဲ့ပါတယ်။

အာဆင်နယ် ကစားသမားဟောင်း ဂနာဘရီက ဘယ်တောင်ပံရော ညာတောင်ပံပါ ကစားနိုင်သူဖြစ်ပြီး မနှစ်က ဘောလုံးရာသီမှာလည်း ဘိုင်ယန်အတွက် (၄၇)ပွဲကစား (၁၇)ဂိုးသွင်း (၁၂)ဂိုး ဖန်တီးထားနိုင်ခဲ့ပါတယ်။ အသက်လက်တီကိုရဲ့ ဥရုဂွေး ဗဟိုခံစစ်မှူး ယီမီနက်ဇ်ကတော့ လက်ရှိမှာ ဒူးဒဏ်ရာ ရရှိနေပေမယ့် သူလည်း အသက်လက်တီကို ခံစစ်မှာ အခရာကျသူတစ်ဦး ဖြစ်ပါတယ်။ ဒီကစားသမားနှစ်ဦးအတွက် ယူရို သန်း(၁၀၀)ဝန်းကျင်လောက်အထိ အသုံးပြုရနိုင်ပါတယ်။