မန်ချက်စတာယူနိုက်တက်အသင်းကတော့ လာမယ့်နွေစျေးကွက်အတွင်းမှာ အသင်းရဲ့ ဂိုးသမားတွေဖြစ်တဲ့ ဒေးဗစ်ဒီဂီယာနဲ့ ဆာဂျီယိုရိုမဲရိုးတို့နှစ်ယောက်နဲ့ လက်တွဲဖြုတ်သွားဖွယ် ရှိနေတာကြောင့် ဒီဂိုးသမားတွေရဲ့နေရာမှာ ပြန်လည်အစားထိုးဖို့အတွက် လတ်တလောမှာတော့ အက်စတွန်ဗီလာအသင်းရဲ့ အာဂျင်တီးနားဂိုးသမား အယ်မီမာတီနက်ဇ်ကို ပစ်မှတ်ထားလျက်ရှိနေတယ်လို့ ဗြိတိန်သတင်းမီဒီယာတွေကနေ ဖော်ပြလာခဲ့ပါတယ်။

Photo Credit : The Sun

ယူနိုက်တက်အသင်းဟာ လာမယ့်နွေစျေးကွက်အတွင်းမှာ အသင်းရဲ့ ဝါရင့်ဂိုးသမားဖြစ်သူ ရိုမဲရိုးနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မှာဖြစ်ပြီး နောက်ထပ်ဂိုးသမားဖြစ်တဲ့ ဒီဂီယာမှာလည်း ဒီနောက်ပိုင်းမှာ သူရဲ့အနာဂတ်အခြေအနေတွေက လှုပ်ခတ်လျက်ရှိနေပြီး အသင်းဘက်ကလည်း ဒီဂီယာထက် ဒင်းဟန်ဒါဆန်ကို အသင်းရဲ့ နံပါတ်တစ်ဂိုးသမားအဖြစ် အသုံးပြုချင်နေတာကြောင့် ဒီဂိုးသမား(၂)ယောက်လုံးနဲ့ လက်တွဲဖြုတ်သွားဖွယ် ရှိနေတာဖြစ်ပါတယ်။ ဒါကြောင့် ယူနိုက်တက်အသင်းဟာ ဂိုးသမားသစ် ခေါ်ယူဖို့အတွက် စီစဉ်နေတာဖြစ်ပြီး အသင်းရဲ့ပစ်မှတ်ထဲမှာ ဗီလာဂိုးသမား မာတီနက်ဇ်ပါ ပါဝင်လာခဲ့ပါတယ်။

Photo Credit : The Mirror

အသက်(၂၈)နှစ်အရွှယ်ရှိ အာဂျင်တီးနားဂိုးသမား မာတီနက်ဇ်ဟာ ဒီနှစ်ဘောလုံးရာသီရဲ့ နွေစျေးကွက်အတွင်းကမှ အာဆင်နယ်ကနေ ဗီလာအသင်းဆီကို ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး ဗီလာမှာ အတော်လေးကို လက်စွမ်းပြသလျက်ရှိနေကာ ပရီးမီးယားလိဂ်ပွဲစဉ် (၂၇)ပွဲအတွင်းမှာ Clean Sheet (၁၄)ပွဲအထိ ရရှိအောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။ ဒီလို စွမ်းဆောင်မှုတွေကြောင့် ယူနိုက်တက်ဘက်ကနေ မာတီနက်ဇ်ကို ပစ်မှတ်ထားလာခဲ့တာဖြစ်ပေမယ့် မာတီနက်ဇ်အနေနဲ့ကတော့ သူ့အတွက် ပွဲဦးထွက်နေရာ အာမခံနိုင်ခြင်းမရှိတဲ့ ယူနိုက်တက်အသင်းမှာ ပြောင်းရွေ့ကစားဖို့က ခက်ခဲနိုင်ပါတယ်။ ယူနိုက်တက်အသင်းဟာ ဒီနှစ်ဘောလုံးရာသီအကုန်မှာ အေစီမီလန်အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မယ့် အီတလီလူငယ်ဂိုးသမား ဒွန်နာရမ်မာကိုလည်း ကမ်းလှမ်းသွားဖို့ ပြင်ဆင်လျက်ရှိလို့နေပြီး ဗဟိုခံစစ်ကစားသမားတစ်ဦးနဲ့ အထောင်တိုက်စစ်ကစားသမားတစ်ဦးတို့ကိုပါ လာမယ့်စျေးကွက်အတွင်းမှာ ခေါ်ယူသွားဖို့ ရှိနေပါတယ်။ ယူနိုက်တက်ဟာ ခံစစ်ပိုင်းအတွက် ရာမို့စ် ဗာရန်း ခွန်ဒဲတို့ကို ပစ်မှတ်ထားလို့နေသလို တိုက်စစ်ပိုင်းအတွက်ကိုတော့ အာလင်းဟာလန်းနဲ့ အန်ဒရီဆေးဗားတို့ကို ပစ်မှတ်ထားလို့နေပါတယ်။