နွေစျေးကွက်အတွင်းမှာ ဒွန်နီဗန်ဒယ်ဘိခ်တစ်ယောက်တည်းကိုပဲ ခေါ်ယူထားနိုင်ခဲ့တဲ့ မန်ချက်စတာယူနိုက်တက်အသင်းဟာ အသင်းရဲ့အဓိကပစ်မှတ်ဖြစ်တဲ့ ဂျေဒန်ဆန်ချိုကို ခေါ်ယူမယ့်အရေးမှာလည်း ဖြစ်နိုင်ခြေက အရမ်းကို နည်းပါးလွန်းနေပြီဖြစ်တာကြောင့် ဒမ်ဘီလီ ချီယေဇာ အစရှိတဲ့ တောင်ပံကစားသမားတွေကို ပစ်မှတ်ထားလာခဲ့သလို ဆယ်ကျော်သက်အရွှယ်သာရှိသေးတဲ့ အတ္တလန်တာတောင်ပံကစားသမားလေး အာမတ်ထရာအိုရေးကိုပါ ပစ်မှတ်ထားလာခဲ့ပြီး ခေါ်ယူဖို့တောင် ဆွေးနွေးနေပြီလို့ သတင်းထွက်လာခဲ့ပါတယ်။

Photo Credit : Manchester Evening News

(၁၈)နှစ်သာရှိသေးတဲ့ အိုင်ဗရီကို့စ်နွယ်ဖွား အီတလီလူငယ်ကစားသမားလေး ထရာအိုရေးဟာ ၂၀၁၅ခုနှစ်ကမှ အတ္တလန်တာ လူငယ်အသင်းဆီကို ရောက်ရှိလာခဲ့သူဖြစ်ပြီး (၄)နှစ်အကြာလောက်မှာပဲ အတ္တလန်တာ စီနီယာအသင်းအတွက် စတင်ပါဝင်ကစားခွင့်ရခဲ့ပါတယ်။ ညာတောင်ပံကစားသမားလေး ထရာအိုရေးဟာ အတ္တလန်တာအတွက် ပွဲအနည်းငယ်လေးသာ ကစားထားရသေးပေမယ့်လည်း သူရဲ့ခြေစွမ်းကောင်းတွေကို ထုတ်ဖော်ပြသထားနိုင်ခဲ့လို့ အသင်းပေါင်းများစွာကနေ သူ့ကိုစိတ်ဝင်စားလာခဲ့တာဖြစ်ပြီး ယူနိုက်တက်အသင်းကပါ ဒီအသင်းတွေထဲမှာ အပါအဝင် ဖြစ်လာခဲ့ရပါတယ်။

Photo Credit : Futaa

လတ်တလောမှာတော့ ယူနိုက်တက်နဲ့ ထရာအိုရေးတို့ရဲ့ ကောလဟာလသတင်းတွေက မီဒီယာတွေပေါ်မှာ ပျံနှံ့နေပေမယ့်လည်း ထရာအိုရေးဟာ လက်ရှိအချိန်ထိ အီတလီနိုင်ငံသားလက်မှတ်ကို ကိုင်ဆောင်ထားရခြင်းမရှိသေးတာကြောင့် ယူနိုက်တက်ကို ပြောင်းရွှေ့လာဖို့ဆိုရင် အလုပ်ပါမစ်နဲ့သာ လာရောက်ရမှာဖြစ်သလို ထရာအိုရေးက အခုထိ သက်တမ်းအလိုက် နိုင်ငံတကာပွဲစဉ်တွေကိုပါ တစ်ပွဲမှ မကစားရဖူးသေးသူဖြစ်နေလို့ ဒီအချက်တွေက မန်ချက်စတာဆီရောက်လာဖို့အတွက် အကြီးမားဆုံး အဟန့်အတားတွေ ဖြစ်လာနိုင်ပါတယ်။ နောက်ဆက်တွဲသတင်းတွေအရ အတ္တလန်တာအသင်းက သူတို့ရဲ့လူငယ်ကြယ်ပွင့်လေး ထရာအိုရေးကို အပြီးသတ်ရောင်းချတာမျိုး မပြုလုပ်သွားချင်တဲ့အတွက် စီးရီးအေကလပ် ပါးမားအသင်းဆီကိုသာ တစ်ရာသီအငှားချဖို့ သဘောတူညီလိုက်ပြီလို့ ဖော်ပြနေတာကြောင့် ယူနိုက်တက်အနေနဲ့ ဒီတစ်ခေါက်လည်း သူတို့ရဲ့ပစ်မှတ်တစ်ခုနဲ့ ထပ်မံလွဲချော်ရဖို့ သေချာသလောက် ဖြစ်နေရပြီလို့ပဲ ဆိုရတော့မှာပါ။ လက်ရှိမှာက နွေစျေးကွက် ပိတ်သိမ်းသွားဖို့ (၃)ရက်လောက်ပဲ ကျန်ရှိနေတော့တာဖြစ်လို့ ယူနိုက်တက်အသင်းအနေနဲ့ ဒီရက်တွေအတွင်းမှာပဲ ကစားသမားသစ် (၂၊၃)ယောက်လောက်ကို ဆက်တိုက်ခေါ်ယူသွားဖွယ် ရှိလို့နေပြီး ဘယ်နောက်ခံလူတစ်ယောက် တောင်ပံကစားသမားတစ်ယောက်နဲ့ တိုက်စစ်မှူးတစ်ယောက်တို့ကို ခေါ်ယူသွားနိုင်ပါတယ်။