ပြီးခဲ့တဲ့ဘောလုံးရာသီက ဆုဖလားအောင်မြင်မှုတွေနဲ့ အလှမ်းဝေးခဲ့ရပေမယ့် ပရီးမီးယားလိဂ်မှာတော့ အမှတ်ပေးဇယားရဲက အဆင့်(၂)နေရာနဲ့ ရာသီသိမ်းခဲ့ပြီး ချန်ပီယံလိဂ်ဝင်ခွင့်ကို ရယူနိုင်ခဲ့တဲ့ မန်ချက်စတာယူနိုက်တက်အသင်းကတော့ လက်ရှိအချိန်မှာ ယူရို-၂၀၂ဝပြိုင်ပွဲ နိုင်ငံတကာပြိုင်ပွဲတွေ ဝင်ရောက်ဆင်နွဲထားခြင်းမရှိတဲ့ အသင်းသားတွေနဲ့အတူ ရာသီကြို လေ့ကျင့်ခန်းတွေကို စတင်လုပ်ဆောင်နေပြီး လာမယ့်ရက်ပိုင်းအတွင်းမှာပဲ နည်းပြဝိန်းရွန်နီ ကိုင်တွယ်နေတဲ့ ဒါဘီကောင်တီအသင်းနဲ့ ပထမဆုံး ရာသီကြိုခြေစမ်းပွဲကို စတင်ကစားသွားတော့မှာဖြစ်ပါတယ်။

Photo Credit : The Sun

ယူနိုက်တက်အသင်းဟာ ယူရို-၂၀၂ဝပြိုင်ပွဲအတွက် အသင်းရဲ့စီနီယာကစားသမားတွေဖြစ်တဲ့ မက်ဂွိုင်းရား လုခ်ရှော ရပ်ရှ်ဖိုဒ့် ပေါ့ဘာ ဖာနန်ဒက်စ် လင်ဒီလော့ ဒီဂီယာ တွမ်မီနေးတို့ကို စေလွှတ်ထားခဲ့ရသလို ကိုပါအမေရိကပြိုင်ပွဲအတွက်ကိုလည်း ဖရက်ကို စေလွှတ်ထားရပါတယ်။ ဒီလို နိုင်ငံတကာပွဲစဉ်တွေ ဝင်ရောက်ဆင်နွဲထားရတဲ့ ကစားသမားတွေကလွဲပြီး ကျန်တဲ့ကစားသမားတွေဖြစ်တဲ့ မာတာ မာတစ် ဂရင်းဝုဒ် တဲလက်စ် ဝမ်ဘစ်ဆာခါ ဒင်းဟန်ဒါဆန်တို့နဲ့ ရာသီကြိုလေ့ကျင့်ခန်းတွေကို စတင်လုပ်ဆောင်လို့နေပြီး လူငယ်ကစားသမားတွေနဲ့ အငှားပြည့်လို့ အသင်းကို ပြန်လည်ရောက်ရှိလာတဲ့ ကစားသမားတွေမှာလည်း ဒီအစီအစဉ်မှာ လာရောက်ပါဝင်လို့နေပါတယ်။

Photo Credit : The Sun

ယူနိုက်တက်အသင်းက ၂၀၂၁-၂၀၂၂ ဘောလုံးရာသီ မစတင်ခင် ရာသီကြိုခြေစမ်းပွဲစဉ်တွေအဖြစ် (၅)ပွဲအထိ ယှဉ်ပြိုင်သွားမှာဖြစ်ပြီး ကိုဗစ်ဂယက်တွေ ရှိနေတာကြောင့် ခြေစမ်းပွဲအားလုံးကို အင်္ဂလန်နိုင်ငံမှာသာ ယှဉ်ပြိုင်သွားမှာဖြစ်ပါတယ်။ ယူနိုက်တက်ဟာ ဒီတစ်ပတ် တနင်္ဂနွေနေ့မှာ အသင်းသားဟောင်း ရွန်နီကိုင်တွယ်နေတဲ့ ဒါဘီအသင်းနဲ့ အဝေးကွင်းမှာ ခြေစမ်းသွားမှာဖြစ်ပြီး ဒီပွဲပြီးရင်တော့ နောက်တစ်ပတ် စနေနေ့မှာ ကျူပီအာအသင်းနဲ့ ဆက်လက်ခြေစမ်းသွားမှာဖြစ်ပါတယ်။ အဲ့ဒီ အဝေးကွင်း ခြေစမ်းပွဲ(၂)ပွဲ ပြီးရင်တော့ ပရီးမီးယားလိဂ်ပြိုင်ပွဲဆီကို ပထမဆုံးအကြိမ်အဖြစ် တန်းတတ်လာခဲ့တဲ့ ဘရန့်ဖိုဒ့်အသင်းနဲ့ ဇူလိုင်(၂၈)ရက်နေ့ အိုးထရက်ဖိုဒ့်ကွင်းမှာ ခြေစမ်းမှာဖြစ်ပြီး ဇူလိုင်(၃၁)ရက်မှာတော့ ပရက်စတန်အသင်းနဲ့ အဝေးကွင်းမှာပဲ ထပ်မံခြေစမ်းမှာဖြစ်ပါတယ်။ သြဂုတ်လအတွင်းမှာတော့ ယူနိုက်တက်ဟာ သူတို့ရဲ့ ပရီးမီးယားလိဂ်ပြိုင်ဘက် အဲဗာတန်အသင်းနဲ့ အိုးထရက်ဖိုဒ့်မှာ ခြေစမ်းမှာဖြစ်ပြီး ဒီပွဲကိုတော့ သြဂုတ်(၇)ရက်နေ့မှာ ယှဉ်ပြိုင်စေမှာဖြစ်ပါတယ်။ ဒီပွဲစဉ်တွေအားလုံးကိုတော့ ယူနိုက်တက်အသင်းရဲ့ တရားဝင် ရုပ်သံလိုင်းဖြစ်တဲ့ MUTV ကနေ တိုက်ရိုက်ပြသသွားမှာဖြစ်တယ်လို့လည်း သိရှိရပါတယ်။