ပရီးမီးယားလိဂ် နာမည်ကြီး အသင်းတစ်သင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့ကမှ သူတို့အသင်းထံ ရောက်ရှိ လာခဲ့တဲ့ ဥရုဂွေး လူငယ် တောင်ပံ ကစားသမား ဖြစ်သူ ပယ်လီစ္စထရီကို ယခု ဇန်နဝါရီလ အပြောင်းအရွှေ့ အတွင်းမှာ သင့်တော်တဲ့ ကမ်းလှမ်းမှုတစ်ခု ရလာရင် အငှားချသွားမှာ ဖြစ်ကြောင်း အင်္ဂလန် အခြေစိုက် သတင်းဌာနတွေက ဖော်ပြ သွားကြပါတယ်။ အသက် ၁၉နှစ် အရွယ်သာ ရှိသေးတဲ့ ဥရောဂွေး လူငယ် တောင်ပံ ကစားသမား ပယ်လီစ္စထရီဟာ မန်ချက်စတာ ယူနိုက်တက် အသင်းထံကို ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့ရဲ့ နောက်ဆုံး နေ့ရက်တွေမှာ ပြောင်းရွှေ့ကြေး ယူရို ၈.၅သန်းနဲ့ ပြောင်းရွှေ့ခဲ့သူပါ။

Photo Credit: Express

ပယ်လီစ္စထရီဟာ သူ့ရဲ့ အသင်းဟောင်း တစ်သင်း ဖြစ်တဲ့ ပီနာရိုးလ်အသင်းမှာ အဓိက ညာတောင်ပံ ကစားသမား တစ်ဦးအဖြစ် ခြေစွမ်းပြ ကစားနိုင်ခဲ့သူ ဖြစ်ပေမယ့် မန်ချက်စတာ ယူနိုက်တက် အသင်းထံ ရောက်ရှိလာချိန်မှာ အသင်းရဲ့ ယူ-၂၃ အသင်းနဲ့သာ ကစားခွင့် ရရှိထားပြီး အသင်းကြီးနဲ့ ပါဝင် ကစားခွင့် မရရှိသေးပါဘူး။ မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ နည်းပြဖြစ်သူ ဆိုးလ်ရှား ကတော့ သူဟာ ပယ်လီစ္စထရီရဲ့ ခြေစွမ်းကို သဘောကျပေမယ့် မတူညီတဲ့ ဒေသတစ်ခု ကနေ အင်္ဂလန်နိုင်ငံကို ရောက်ရှိ လာတာကြောင့် ပယ်လီစ္စထရီ အနေနဲ့ အင်္ဂလန်မှာ အသားကျဖို့ အချိန်ယူရဦးမှာ ဖြစ်ကြောင်း ဖွင့်ဟ ပြောဆို ထားပါတယ်။ ပယ်လီစ္စထရီဟာ မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ယူ-၂၃ အသင်းနဲ့အတူ ပြိုင်ပွဲစုံမှာ ၆၄၃မိနစ် ကစားထားရာမှာ သွင်းဂိုး ၃ဂိုး သွင်းယူထားပြီး ဂိုးဖန်တီးမှု ၁ကြိမ် ပြုလုပ် ထားနိုင်ခဲ့ပါတယ်။

Photo Credit: Express

အဆိုပါ ခြေစွမ်းတွေကြောင့်ပဲ ပယ်လီစ္စထရီဟာ ယူ-၂၃ အသင်းရဲ့ အဓိက ကစားသမား တစ်ဦး ဖြစ်လာပြီး သူ့ရဲ့ ခြေစွမ်းကို သဘောကျတဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ နည်းပြအဖွဲ့ဝင်တွေက ပယ်လီစ္စထရီကို အသင်းမှာ ဆက်ထားတာထက် သင့်တော်တဲ့ အသင်းရှိပါက အငှားချတာဟာ ပယ်လီစ္စထရီ အတွက် ပိုမို သင့်တော်တဲ့ အရာတစ်ခု ဖြစ်ကြောင်း ယူဆ နေကြပါတယ်။ မန်ချက်စတာ ညနေခင်း သတင်းဌာနရဲ့ ဖော်ပြချက် အရတော့ လက်ရှိမှာ ပယ်လီစ္စထရီကို အငှားနဲ့ ခေါ်ယူဖို့ အတွက် စိတ်ဝင်စားနေတဲ့ ချန်ပီယံရှစ် ကလပ်အသင်း တချို့ ရှိနေပြီး အဆိုပါ အသင်းတွေ ထဲမှာ ဝိန်းရွန်းနီရဲ့ ဒါဘီအသင်းလည်း ပါဝင်နေကြောင်း သိရပါတယ်။ ပယ်လီစ္စထရီ ကလည်း အင်္ဂလန်ရဲ့ ဘောလုံး ကစားပုံနဲ့ ပိုမို အသားကျစေဖို့ အတွက် အသင်းငယ် တစ်သင်းထံ အငှားနဲ့ သွားရောက် ကစားရမယ့် အစီအစဉ်ကို သဘောကျနေကြောင်း နီးစပ်သူတွေက ဆိုထားကြပါတယ်။