ပရီးမီးယားလိဂ်ရဲ့ နာမည်ကြီး အသင်းတစ်သင်း ဖြစ်တဲ့ မန်ယူအသင်းဟာ ပေါ်တူဂီကလပ် ပေါ်တိုအသင်းရဲ့ ဘရာဇီးလ် ဘယ်နောက်ခံလူ အဲလက်စ် တဲလက်စ်ကို ခေါ်ယူဖို့အတွက် သူ့ရဲ့ အေးဂျင့်ဖြစ်သူ ဇာဟာဗီနဲ့ ဆွေးနွေးနေကြောင်း နာမည်ကြီး သတင်းဌာန အများစုက ဖော်ပြသွားကြပါတယ်။ မန်ယူအသင်းဟာ ယခုနှစ် နွေစျေးကွက် အတွင်းမှာ ကစားသမား များစွာနဲ့ သတင်းတွေ ထွက်ပေါ်နေပေမယ့် အသင်းကို ရောက်ရှိလာတဲ့ ကစားသမားဟာ ဗန်ဒီဘိခ် တစ်ဦးတည်းသာ ရှိနေခဲ့တာကြောင့် လက်ရှိ နွေစျေးကွက် အတွင်းမှာ နောက်ထပ် ကစားသမားနှစ်ဦးကို ခေါ်ယူဖို့ အတွက် ကြိုးစားနေကြောင်း မန်ယူအသင်းနဲ့ နီးစပ်သူတွေက ဆိုထားကြပါတယ်။

Photo Credit: Standard

နာမည်ကြီး သတင်းထောက် တစ်ဦး ဖြစ်သူ Fabrizio Romanoရဲ့ အဆိုအရတော့ မန်ယူအသင်းဟာ ယခုစျေးကွက် အတွင်းမှာ ဘယ်နောက်ခံလူ တစ်ဦးနဲ့ ညာတောင်ပံ ကစားသမား တစ်ဦးတို့ကို ကျိန်းသေပေါက် ခေါ်ယူသွားမှာ ဖြစ်ပြီး အပြောင်းအရွှေ့တွေ ဖြစ်ပေါ်လာဖို့ အတွက် အချိန်ပေးကာ စောင့်ကြည့်ဖို့သာ လိုအပ်ကြောင်း သိရပါတယ်။ လက်ရှိမှာတော့ မန်ယူအသင်းဟာ ညာတောင်ပံ အတွက် ဒေါ့မွန်အသင်းရဲ့ လူငယ် တောင်ပံကစားသမား ဆန်ချိုကို ခေါ်ယူဖို့ ကြိုးစားနေသလို ဘယ်နောက်ခံလူ နေရာအတွက် ပေါ်တိုအသင်းရဲ့ ဘယ်နောက်ခံလူ အဲလက်စ် တဲလက်စ်ကို ခေါ်ယူဖို့ အေးဂျင့် ဖြစ်သူနဲ့ တရားဝင် ဆွေးနွေးမှုတွေ ပြုလုပ် နေပါတယ်။

Photo Credit: Standard

RMC Sport သတင်းဌာနရဲ့ သတင်းထောက် တစ်ဦး ဖြစ်တဲ့ Bouhafsi ရဲ့ အဆိုအရတော့ မန်ယူအသင်းဟာ ယမန်နေ့ညမှာ တဲလက်စ်ကို ခေါ်ယူဖို့ အတွက် ပုဂ္ဂိုလ်ရေးအရ သဘောတူညီမှု ရရှိခဲ့ပြီ ဖြစ်ကာ တဲလက်စ်ကို ၅နှစ်သက်တမ်း ရှိတဲ့ စာချုပ်တစ်ရပ် ချုပ်ဆိုသွားမယ် လို့ သိရပါတယ်။ မန်ယူအသင်းဟာ ကစားသမားနဲ့ ပုဂ္ဂိုလ်ရေးအရ သဘောတူညီမှု ရခဲ့အပြီးမှာ ပေါ်တိုအသင်းနဲ့ ဆွေးနွေးမှုတွေ လုပ်ဆောင်နေကာ အောင်မြင်မှု ရရှိမယ်လို့ ယုံကြည်ထားကြောင်း နီးစပ်သူတွေရဲ့ အဆိုအရ သိထားရပါတယ်။ ပေါ်တိုအသင်းဟာ တဲလက်စ်ကို ရောင်းချဖို့အတွက် အသင့်ရှိနေပြီး တဲလက်စ်အတွက် ပြောင်းရွှေ့ကြေး ယူရို ၂၃ သန်း ဝန်းကျင် အလို ရှိနေတယ် လို့ ပေါ်တူဂီအခြေစိုက် သတင်းဌာနတွေက ဖော်ပြထားကြပါတယ်။