ပရီးမီးယားလိဂ် နာမည်ကြီးအသင်း တသင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်နဲ့ လန်ဒန်မြို့ အခြေစိုက် ပရီးမီးယားလိဂ်ကလပ် ခရစ္စတယ် ပဲလေ့စ်တို့က ယခုနှစ် ဘောလုံးရာသီမှာ ချန်ပီယံရှစ်ကနေ တန်းဆင်းသွားရတဲ့ ဒါဘီနဲ့အတူ ခြေစွမ်းကောင်းတွေ ပြသနိုင်ခဲ့တဲ့ လူငယ်ကြယ်ပွင့် တိုက်စစ်မှူး အီဘိုဝါရီကို ခေါ်ယူဖို့ အပြိုင်အဆိုင် စိတ်ဝင်စားနေကြကြောင်း အင်္ဂလန် အခြေစိုက် သတင်းဌာနတွေက အခိုင်အမာ ဖော်ပြသွားကြပါတယ်။

အသက် ၁၈နှစ် အရွယ်သာ ရှိသေးတဲ့ အင်္ဂလန် ယူ-၁၈ လက်ရွေးစင် တိုက်စစ်မှူး အီဘိုဝါရီဟာ ဒါဘီနည်းပြ အဖြစ် တာဝန်ယူ ဆောင်ရွက်နေတဲ့ ဝိန်းရွန်းနီရဲ့ စင်တင်ပေးမှုကြောင့် ဒါဘီပရိသတ်တွေရဲ့ အချစ်တော် ကစားသမား တဦး ဖြစ်လာသူ ဖြစ်ပြီး သူက ယခုနှစ် ဘောလုံးရာသီမှာ ဒါဘီနဲ့အတူ တောက်ပခဲ့တဲ့ လူငယ်ကြယ်ပွင့် ကစားသမားတွေထဲက တဦးလည်း ဖြစ်ပါတယ်။

Photo Credit: The Sun

ဒါဘီနည်းပြ ဝိန်းရွန်းနီက အသင်းရဲ့ ဘဏ္ဍာရေး အကြပ်အတည်းကြောင့် ကစားသမားသစ်တွေကို ခေါ်ယူဖို့ ခက်ခဲနေချိန်မှာ အီဘိုဝါရီ အပါအဝင် ဒါဘီ ယူ-၂၃အသင်းရဲ့ အားကိုးရတဲ့ လူငယ် ကစားသမားတွေ အများအပြားကို အသင်းကြီးထံ ခေါ်ယူကာ နေရာပေးခဲ့ပြီး အီဘိုဝါရီက ဝိန်းရွန်းနီရဲ့ ယုံကြည်မှုနဲ့ ထိုက်တန်တဲ့ ခြေစွမ်းကောင်းတွေကို ပြသနိုင်ခဲ့ပါတယ်။

အီဘိုဝါရီက ယခုနှစ် ဘောလုံးရာသီမှာ ဒါဘီအတွက် ပြိုင်ပွဲစုံမှာ ၂၉ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၈ဂိုး အထိ သွင်းယူနိုင်ခဲ့ကာ ဂိုးဖန်တီးမှု ၃ကြိမ် ပြုလုပ်နိုင်ခဲ့ပြီး သူ့ရဲ့ ခြေစွမ်းကောင်းတွေကြောင့်ပဲ မန်ချက်စတာ ယူနိုက်တက်လို အင်္ဂလန်ရဲ့ အထင်ကရ အသင်းကြီး တသင်းရဲ့ စိတ်ဝင်စားမှုတွေကို ခံနေရပါတယ်။

Photo Credit: The Sun

နာမည်ကြီး သတင်းထောက် တဦး ဖြစ်သူ ဖာဘရီဇီယို ရိုမာနိုရဲ့ ဖော်ပြချက်အရ မန်ချက်စတာ ယူနိုက်တက်နဲ့ ခရစ္စတယ် ပဲလေ့စ်တို့က အီဘိုဝါရီကို ခေါ်ယူဖို့ တရားဝင် ကမ်းလှမ်းမှုတွေ ပြုလုပ်နေကြပြီး အီဘိုဝါရီက ဒါဘီနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မယ့် ကစားသမား ဖြစ်တာကြောင့် မန်ချက်စတာ ယူနိုက်တက်နဲ့ ပဲလေ့စ်တို့က အီဘိုဝါရီကို အလွတ် ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူနိုင်မယ်လို့လည်း သိရပါတယ်။

ဒါဘီနည်းပြ အဖြစ် တာဝန်ယူထားတဲ့ ဝိန်းရွန်းနီကတော့ သူ့ရဲ့ တပည့်ရင်း အီဘိုဝါရီကို မန်ချက်စတာ ယူနိုက်တက်ဆီ ပြောင်းရွှေ့စေချင်နေပြီး အီဘိုဝါရီကို ခေါ်ယူဖို့ မန်ချက်စတာ ယူနိုက်တက်ရဲ့ တာဝန်ရှိသူတွေထံ တိုက်တွန်းထားကြောင်း ဒါဘီနဲ့ နီးစပ်သူတွေက ဆိုကြပါတယ်။