အခု ဇွန်လအကုန်မှာပဲ မန်ချက်စတာယူနိုက်တက်အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးသွားတော့မယ့် ဝါရင့်ဂိုးသမားကြီး ဆာဂျီယိုရိုမဲရိုးကို ဂျုဗင်တပ်စ် ဆယ်လ်တာဗီဂိုအသင်းတွေကနေ ခေါ်ယူသွားချင်နေပေမယ့်လည်း လက်ရှိအချိန်မှာတော့ ရိုမဲရိုးကို ခေါ်ယူနိုင်ဖို့အတွက် အဲဗာတန်အသင်းဘက်ကနေ ဆွေးနွေးမှုတွေ လုပ်ဆောင်လျက်ရှိနေပြီး ကစားသမားကိုယ်တိုင်ကလည်း ပရီးမီးယားလိဂ်မှာပဲ ဆက်လက်ရှိနေဖွယ် ရှိနေပါတယ်။

Photo Credit : BeSoccer

အသက်(၃၄)နှစ်အရွှယ်ရှိ အာဂျင်တီးနားဂိုးသမားကြီး ရိုမဲရိုးဟာ ယူနိုက်တက်အသင်းကို ၂၀၁၅ခုနှစ်ကတည်းက ဆမ်ဒိုရီးယားအသင်းကနေ ရောက်ရှိလာခဲ့တာဖြစ်ပြီး အသင်းနဲ့အတူ ယူရိုပါလိဂ်ဖလား အက်အေဖလား လိဂ်ဖလားတို့ကို ရယူနိုင်ခဲ့ပါတယ်။ ရိုမဲရိုးဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီက ယူနိုက်တက်အသင်းအတွက် ပြိုင်ပွဲစုံမှာ တစ်ပွဲတစ်လေမှကို ပါဝင်ကစားထားရခြင်းမရှိသလို သူနဲ့ အသင်းရဲ့ကြားမှာ ချုပ်ဆိုထားတဲ့ စာချုပ်အရလည်း ဒီလအတွင်းမှာပဲ သက်တမ်းကုန်ဆုံးတော့မှာဖြစ်လို့ ကစားသမားဘက်ကရော အသင်းဘက်ကရော လက်တွဲဖြုတ်ဖို့ ဆုံးဖြတ်လိုက်ကြပါတယ်။

Photo Credit : Goal

ဒီလို အခြေအနေရှိနေတဲ့ ဝါရင့်ဂိုးသမားကြီးကို ပြီးခဲ့တဲ့ ဘောလုံးရာသီမှာကတည်းက အလိုရှိနေခဲ့တဲ့ အဲဗာတန်အသင်းကနေ ထပ်မံကြိုးစားလာခဲ့ပြီး အရခေါ်ယူနိုင်ဖို့အတွက် ကစားသမားရဲ့အေးဂျင့်ဖြစ်သူနဲ့ ဆွေးနွေးလျက် ရှိနေတယ်လို့ The Athletic ကနေ ဖော်ပြလာခဲ့ပါတယ်။ ဒါပေမယ့် အဲဗာတန်အသင်းမှာ အင်္ဂလန်လက်ရွေးစင် ဂိုးသမား ပစ်ဖိုဒ့်နဲ့ ဆွီဒင်လက်ရွေးစင် ဂိုးသမား အော်လ်ဆန်တို့ ရှိနေတာကြောင့် အသင်းမှာ ပုံမှန်နေရာရဖို့ မလွယ်ကူနိုင်တာကြောင့် အဲဗာတန်ရဲ့ကမ်းလှမ်းမှုကို ရိုမဲရိုးဘက်ကနေ အသေအချာ စဉ်းစားဖွယ် ရှိနေပါတယ်။ လတ်တလောမှာ ရိုမဲရိုးကို အီတလီစီးရီးအေရဲ့ ထိပ်သီးအသင်းကြီးတစ်သင်းဖြစ်တဲ့ ဂျုဗင်တပ်စ်အသင်းဘက်ကနေလည်း ပစ်မှတ်ထားလျက်ရှိနေပြီး ပါးမားအသင်းဆီကို ပြောင်းရွှေ့သွားခဲ့တဲ့ ဝါရင့်ဂိုးသမားကြီး ဘူဖွန်ရဲ့နေရာမှာ ရိုမဲရိုးနဲ့ ပြန်လည်အစားထိုးချင်နေပါတယ်။ ရိုမဲရိုးဟာလည်း ဆမ်ဒိုးရီးယားအသင်းနဲ့အတူ အီတလီမှာ ကျင်လည်ခဲ့ဖူးသူဖြစ်လို့ ဂျုဗင်တပ်စ်ရဲ့ ကမ်းလှမ်းမှုကိုပါ စဉ်းစားဖွယ် ရှိနေပေမယ့် လာလီဂါကလပ်အသင်းဖြစ်တဲ့ ဆယ်လ်တာဗီဂိုအသင်းက ရိုမဲရိုးကို အသင်းရဲ့ပင်တိုင်ဂိုးသမားအဖြစ်နဲ့ပါ အသုံးပြုလာနိုင်တာကြောင့် ဆယ်လ်တာဗီဂိုက ရိုမဲရိုးအတွက် အကောင်းဆုံး ရွေးချယ်မှုတစ်ခု ဖြစ်လာနိုင်ပါတယ်။