ဒီနှစ်ဘောလုံးရာသီမှာ နိုင်ပွဲလုံးဝမရရှိသေးပဲ (၆)ပွဲကစားထားပြီးနောက်မှာ ရမှတ်က (၁)မှတ်ပဲရှိသေးကာ ရုန်းကန်နေရတဲ့ ရှက်ဖီးယူနိုက်တက်အသင်းဟာ လာမယ့်ဆောင်းရာသီစျေးကွက် ဖွင့်လှစ်ချိန်မှာတော့ အသင်းကို ကစားသမားသစ် အားဖြည့်တင်းမှုအဖြစ် မန်ချက်စတာယူနိုက်တက်အသင်းမှာ အနာဂတ်ပျောက်ဆုံးလို့နေတဲ့ အာဂျင်တီးနား ခံစစ်ကစားသမား မားကို့စ်ရိုဟိုကို ရာသီဝက်အငှားစာချုပ်နဲ့ ခေါ်ယူသွားဖို့ ယူနိုက်တက်အသင်းနဲ့ ဆွေးနွေးတော့မယ်လို့ သိရှိရပါတယ်။

Photo Credit : Sky Sports

အသက်(၃၀)အရွှယ်ရှိ အာဂျင်တီးနားလက်ရွေးစင်ဟောင်း ရိုဟိုဟာ မနှစ်ကဘောလုံးရာသီမှာလည်း သူရဲ့မွေးရပ်မြေ အာဂျင်တီးနားနိုင်ငံရဲ့ ကလပ်အသင်းတစ်သင်းဖြစ်တဲ့ အူစတူဒီယန်းတက်စ်အသင်းဆီကို အငှားနဲ့သွားရောက်ကစားခဲ့တာဖြစ်ပြီး အငှားသက်တမ်းပြည့်လို့ အသင်းကို ပြန်ရောက်လာချိန်မှာ အသင်းနဲ့ လမ်းခွဲဖို့ ကြိုးပမ်းခဲ့ပေမယ့် ယူနိုက်တက်ဘက်ကနေ သူ့ကို ရောင်းထုတ်ဖို့ ဒါမှမဟုတ် အငှားချဖို့က လက်မခံခဲ့ပဲ ပယ်ချခဲ့ပါတယ်။ ရိုဟိုဟာ လက်ရှိအချိန်ထိလည်း ယူနိုက်တက်အသင်းအတွက် လုံးဝကို ပါဝင်ကစားရခြင်း မရှိသေးတာကြောင့် ဒီလိုအခြေအနေရှိနေတဲ့ ရိုဟိုကို လာမယ့်ဇန်နဝါရီလမှာ ကမ်းလှမ်းလာဖို့ ရှက်ဖီးအသင်းဘက်ကနေ စတင်ပြင်ဆင်လာခဲ့တာဖြစ်ပါတယ်။

Photo Credit : Goal

ရှက်ဖီးယူနိုက်တက်အသင်းကတော့ မနှစ်က ဘောလုံးရာသီကမှ ချန်ပီယံရှစ်ကနေ ပရီးမီးယားလိဂ်ပြိုင်ပွဲဆီ တန်းပြန်လာနိုင်ခဲ့တဲ့အသင်းဖြစ်ပေမယ့် မနှစ်ကရာသီအတွင်းမှာတော့ တန်းတတ်အသင်းလို့ မထင်ရလောက်အောင် အကောင်းဆုံးခြေစွမ်းတွေ ပြသနိုင်ခဲ့ကာ ဥရောပဝင်ခွင့်နဲ့တောင် နီးစပ်ခဲ့တဲ့ အနေအထားအထိ ရောက်ရှိခဲ့ရပါတယ်။ ဒါပေမယ့် ရှက်ဖီးအသင်းဟာ ဒီရာသီမှာ မနှစ်ကလို ခြေစွမ်းမျိုးတွေ ပြန်လည်ပြသနိုင်ဖို့ ရုန်းကန်နေရပြီး အသင်းက သွင်းဂိုး(၁)ဂိုး ရယူနိုင်ဖို့တောင် အတော်လေး ခက်ခဲနေတဲ့ အခြေအနေတွေ ဖြစ်လို့နေပါတယ်။ ဒီလို အခြေအနေဆိုးတွေနဲ့ ရင်ဆိုင်နေရတဲ့ ရှက်ဖီးအသင်းမှာ အဓိကနောက်ခံလူတစ်ယောက်ဖြစ်တဲ့ ဂျက်အိုကွန်နယ်ကပါ ဒူးဒဏ်ရာကြောင့် အနားယူနေရတဲ့အတွက် သူရဲ့နေရာမှာ အစားထိုးနိုင်အောင် ရိုဟိုကို ရာသီဝက်အငှားစာချုပ်နဲ့ ခေါ်ယူချင်နေတာဖြစ်ပါတယ်။ ယူနိုက်တက်မှာ အနာဂတ်မရှိတော့တဲ့ ရိုဟိုကတော့ ဒီနှစ်ဘောလုံးရာသီအကုန်မှာ ယူနိုက်တက်နဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မှာဖြစ်ပြီး ဇန်နဝါရီလမှာပဲ ပြည်ပကလပ်အသင်းတွေနဲ့ အပြောင်းအရွှေ့ကိစ္စတွေကို ဆွေးနွေးနိုင်တော့မှာဖြစ်ပါတယ်။ ရိုဟိုကို ရှက်ဖီးအပြင် ဥရောပကလပ်အသင်းပေါင်းများစွာကနေ ခေါ်ယူချင်နေသလို ရိုဟိုကလည်း အာဂျင်တီးနားအသင်းမှာ ပြန်လည်အရွေးခံရဖို့အတွက် သူ့ကိုပုံမှန်နေရာပေးနိုင်မယ့် ကလပ်အသင်းဆီကို ပြောင်းရွှေ့ဖွယ်ရှိနေပါတယ်။