မန်ချက်စတာယူနိုက်တက်အသင်းမှာ ပုံမှန် ပွဲထွက်ကစားခွင့်တွေ ပျောက်ဆုံးနေလို့ အသင်းအပြောင်းအလဲ လုပ်ဆောင်ချင်နေတဲ့ ကွင်းလယ်ကစားသမား ဒွန်နီဗန်ဒယ်ဘိခ်ကို နယူးကာဆယ်ယူနိုက်တက်အသင်းကနေ အငှားစာချုပ်နဲ့ ကမ်းလှမ်းမှုတွေ ပြုလုပ်ခဲ့ပေမယ့် ကစားသမားကိုယ်တိုင်ကတော့ တန်းဆင်းဇုန် တိုက်ပွဲအပေါ် သဘောကျခြင်း မရှိတာကြောင့် ကမ်းလှမ်းမှုကို ပယ်ချခဲ့တယ်လို့ သတင်းတွေကနေ ဖော်ပြလာခဲ့ပါတယ်။
Photo Credit : The Sun
အသက်(၂၄)နှစ်အရွှယ်ရှိ နယ်သာလန် ကွင်းလယ်ကစားသမား ဗန်ဒယ်ဘိခ်ဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီကတည်းက အေဂျက်စ်ကနေ ယူနိုက်တက်အသင်းဆီကို ပြောင်းရွှေ့ကြေး ပေါင်(၃၉)သန်းနဲ့ ပြောင်းရွှေ့ရောက်ရှိလာခဲ့တာ ဖြစ်ပေမယ့်လည်း ပွဲကစားခွင့်တွေက အလွန်နည်းပါးနေရသလို ဒီနှစ်ဘောလုံးရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာဆိုရင်လည်း စုစုပေါင်း (၆၈)မိနစ်သာ ပါဝင်ထားခဲ့ရပါတယ်။ ဗန်ဒယ်ဘိခ်အနေနဲ့ နည်းပြဆိုးလ်ရှားကနေ ရန်းနစ်လက်အောက်မှာ ပွဲကစားခွင့်တွေ ပိုရလာနိုင်တယ်လို့ သုံးသပ်မှုတွေ ရှိခဲ့ပေမယ့်လည်း ရန်းနစ်ကိုယ်တိုင်ကလည်း ပုံမှန်နေရာရဖို့က ရုန်းကန်နေရတာကြောင့် ဗန်ဒယ်ဘိခ်ဘက်က အသင်းကနေ ထွက်ခွာချင်လာခဲ့ပြီး အခု ဆောင်းစျေးကွက်မှာပဲ အပြောင်းအလဲ လုပ်ချင်လာတာ ဖြစ်ပါတယ်။
Photo Credit : The Sun
ဒီလို အနာဂတ် အခြေအနေ လှုပ်ခတ်လာခဲ့ရတဲ့ ဗန်ဒယ်ဘိခ်ကို ဥရောပ ကလပ်အသင်းများစွာကနေ စိတ်ဝင်စားလာခဲ့သလို လက်ရှိ ကမ္ဘာ့အချမ်းသာဆုံး ကလပ်အသင်း တစ်သင်းဖြစ်လာခဲ့တဲ့ နယူးကာဆယ်ကနေပါ ဗန်ဒယ်ဘိခ်ကို ပစ်မှတ်ထားလာခဲ့ပါတယ်။ ထရစ်ပီယာ ခရစ္စဝုဒ်တို့ကို အားဖြည့်ခေါ်ယူလို့ထားတဲ့ နယူးကာဆယ်အသင်းဟာ ယူနိုက်တက်မှာ နေရာပျောက်နေရတဲ့ ဗန်ဒယ်ဘိခ်ကို ဒီနှစ်ဘောလုံးရာသီ ကုန်ဆုံးချိန်အထိ အငှားစာချုပ်နဲ့ ခေါ်ယူဖို့ ကမ်းလှမ်းထားခဲ့ပေမယ့်လည်း ကစားသမားကိုယ်တိုင်က နယူးကာဆယ်အသင်းနဲ့အတူ တန်းမဆင်းရရေးအတွက် တိုက်ပွဲဝင်သွားဖို့ ဆန္ဒမရှိတဲ့အတွက် ကမ်းလှမ်းမှုကို ငြင်းဆန်ပယ်ချခဲ့တယ်လို့ The Telegraph ကနေ ဖော်ပြလာခဲ့ပါတယ်။ ဒါပေမယ့် ဗန်ဒယ်ဘိခ်ဟာ ယူနိုက်တက်အသင်းရဲ့ နောက်ဆုံးကစားခဲ့တဲ့ ပွဲစဉ်(၅)ပွဲအတွင်း (၃)ပွဲက အရန်စာရင်းမှာ ပါဝင်ခဲ့တာတောင် ပါဝင်ကစားခဲ့ရခြင်း မရှိခဲ့ပဲ ဗီလာနဲ့ ယှဉ်ပြိုင်ခဲ့ရတဲ့ အက်အေဖလားနဲ့ ပရီးမီးယားလိဂ်ပွဲတွေမှာသာ စုစုပေါင်း (၂၁)မိနစ်လေးပဲ ပါဝင်ခဲ့ရတာဖြစ်သလို ရန်းနစ်ရဲ့လက်အောက်မှာလည်း ယန်းဘွိုင်းစ်နဲ့ ပွဲတစ်ပွဲကိုသာ ပွဲချိန်ပြည့် ပါဝင်ထားရတာဖြစ်လို့ အသင်းကနေ သေချာပေါက်ကို ထွက်ခွာချင်မှာ ဖြစ်ပါတယ်။