အပြောင်းအရွှေ့ကိစ္စရပ်နဲ့ပတ်သက်ပြီး Shock သတင်းတစ်ပုဒ် ဒီနေ့မှာပဲ ထွက်ပေါ်လာခဲ့ပါတယ်။ ဒါကတော့ မန်ချက်စတာယူနိုက်တက်အသင်းမှာ ပုံမှန်ပွဲထွက်ခွင့်တွေ ပျောက်ဆုံးလျက်ရှိနေတဲ့ လူငယ်ညာနောက်ခံကစားသမားကို လာလီဂါထိပ်သီးအသင်းကြီးဖြစ်တဲ့ ဘာစီလိုနာအသင်းကနေ ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်ဆိုတဲ့ နာမည်ကျော် အားကစားမီဒီယာကြီးတစ်ခုဖြစ်တဲ့ ESPN ကနေ ဒီသတင်းကို ထုတ်ပြန်လိုက်တာလို့လည်း သိရှိရပါတယ်။

Photo Credit : Sky Sports

အသက်(၂၁)နှစ်အရွှယ်ရှိ ပေါ်တူဂီနောက်ခံအစွန်လူ ဒီယိုဂိုဒါလော့ဟာ ဒီနှစ်ဘောလုံးရာသီမှာ ရောက်လာပြီးနောက်ပိုင်း သူရဲ့အခန်းကဏ္ဍာက လုံးဝကို မှေးမှိန်သွားခဲ့ရပါတယ်။ ယူနိုက်တက်အသင်းအနေနဲ့ အခုစျေးကွက်အတွင်းမှာ သူ့ကို ရောင်းထုတ်သွားဖွယ်ရှိနေကာ အဲဗာတန်အသင်းဘက်ကနေ ဒါလော့ကို ခေါ်ယူသွားဖို့ စိတ်ဝင်စားလျက်ရှိနေပြီး လက်ရှိမှာလည်း ဘာစီလိုနာအသင်းကပါ ဒါလော့ကို ခေါ်ယူအားဖြည့်ဖို့အတွက် အံ့အားသင့်စဖွယ် ပစ်မှတ်ထားလာခဲ့ပါတယ်။

Photo Credit : Goal

ဒါလော့ဟာ ၂၀၁၈ခုနှစ်ကမှ ပေါ်တိုကနေ ယူနိုက်တက်အသင်းဆီကို ပြောင်းရွှေ့ကြေး ပေါင်(၁၈)သန်းနဲ့ ရောက်ရှိလာခဲ့တာဖြစ်ပြီး အသင်းအတွက် ခြေစွမ်းကောင်းတွေပြသဖို့ ရုန်းကန်နေရသလို လုံလောက်တဲ ပွဲထွက်ခွင့်တွေလည်း မရရှိခဲ့သူဖြစ်ပါတယ်။ မော်ရင်ဟိုလက်အောက်မှာတုန်းက ပွဲအနည်းငယ်လောက် ကစားခွင့်ရခဲ့သေးတဲ့ ဒါလော့ဟာ ဆိုးလ်ရှားလက်အောက်မှာ ပွဲထွက်ခွင့်တွေက အတော်လေးကို နည်းပါးလာခဲ့ရပြီး ဝမ်ဘစ်ဆာခါ ဒဏ်ရာရသွားချိန်မှာတောင် ဆိုးလ်ရှားဟာ ဒါလော့ကို ချန်လှပ်ခဲ့ပြီး အသင်းနဲ့ (၃)နှစ်လောက် မပူးပေါင်းဖြစ်ခဲ့တဲ့ ဖိုဆူမန်ဆာကိုပဲ နေရာပေးခဲ့တာကြောင့် ဒါလော့ရဲ့ယူနိုက်တက်ကစားသမားဘဝက အဆုံးသတ်သွားဖို့ နီးစပ်သလောက်ကို ရှိသွားခဲ့ရပါတယ်။ ဘာစီလိုနာအသင်းကလည်း ခံစစ်ညာခြမ်းက ဆီမီဒိုကို အသင်းကနေ ရောင်းချသွားဖွယ်ရှိနေတာကြောင့် ဒါလော့လို ညာမှာရော ဘယ်ခြမ်းမှာပါ ကစားတတ်တဲ့ ခံစစ်ကစားသမားတစ်ယောက်ကို အလိုရှိနေတာဖြစ်ပါတယ်။ ယူနိုက်တက်အသင်းကတော့ လာမယ့်ရာသီမှာ ဒါလော့အပါအဝင် အသင်းရဲ့ကစားသမားတချို့ဖြစ်တဲ့ ဖီးလ်ဂျုံး စမောလင်း ဆန်းချက်ဇ် လင်ဂတ် ရိုဟို အစရှိတဲ့ ကစားသမားတွေနဲ့ပါ လက်တွဲဖြုတ်ဖွယ်ရှိနေပြီး ဆန်ချို ဂရီးလစ်ရှ်နဲ့ ဂါဘရီရယ်တို့ ပြန်လည်ခေါ်ယူအားဖြည့်ဖွယ် ရှိနေပါတယ်။