ဘောလုံးကစားသမားကောင်းတွေကို အစဉ်မွေးထုတ်ပေးနေတဲ့ ဘူမိနက်သန်နယ်မြေတွေထဲမှာ အာဂျင်တီးနားနိုင်ငံလည်း ပါဝင်ပါတယ်။ ဒီစတီဖာနို မာရာဒိုနာကနေစလို့ ခရက်စပို ဗီရွန် ဘတစ္စတူတာ တဲဗက်ဇ် လီယွန်နယ်မက်ဆီ အဂူရို ဒီမာရီယာ ဒီဘားလားတို့အထိ ဘောလုံးမျိုးဆက်ကောင်းတစ်ခုကို မွေးထုတ်နိုင်ခဲ့တဲ့ အာဂျင်တီးနားနိုင်ငံဟာ အခုထိလည်း မျိုးဆက်သစ် ကစားသမားကောင်းတွေကို ဆက်လက်မွေးထုတ်နေဆဲဖြစ်ပါတယ်။ အခုလည်း မက်ဆီလက်သစ်လို့တောင် တင်စားခေါ်ဆိုခံထားရတဲ့ သီယာဂိုအယ်မေးဒါးဆိုတဲ့ အာဂျင်တီးနား လူငယ်ကစားသမားလေးတစ်ယောက် ထပ်မံထွက်ပေါ်လာခဲ့ပြီး အခုဆို မန်ချက်စတာယူနိုက်တက်အသင်းဆီ ရောက်ရှိဖို့ နီးစပ်လို့နေပါတယ်။

Photo Credit : 90Min

အသက်(၁၉)နှစ်အရွှယ်သာရှိသေးတဲ့ ဆယ်ကျော်သက်အရွှယ် အာဂျင်တီးနား လူငယ်ကစားသမားလေး သီယာဂိုအယ်မေးဒါးဟာ အာဂျင်တီးနား ဘောလုံးအသင်း ဗဲလ်လက်ဇ်ဆာဖီးလ်အသင်းမှာ ပါဝင်ကစားနေတဲ့ ကွင်းလယ်တောင်ပံ ကစားသမားလေးတစ်ယောက်ဖြစ်ပါတယ်။ သူ့ကို ပရီးမီးယားလိဂ် ထိပ်တန်းအသင်းများဖြစ်တဲ့ မန်စီးတီး အာဆင်နယ်နဲ့ ယူနိုက်တက်အသင်းတို့ကနေ အပြိုင်စိတ်ဝင်စားနေကြတာဖြစ်ပြီး လက်ရှိ အနေအထားတွေအရတော့ ယူနိုက်တက်အသင်းက အယ်မေးဒါးကို ပိုင်ဆိုင်နိုင်ဖို့ အခြေအနေအကောင်းဆုံးဖြစ်နေတဲ့အပြင် ယူနိုက်တက်နည်းပြဆိုးလ်ရှားကိုယ်တိုင်က အယ်မေးဒါးကို ရရှိဖို့အတွက် အတော်လေး ကြိုးပမ်းလျက်ရှိနေပါတယ်။

Photo Credit : 90Min

ကွင်းလယ်ကစားသမားတစ်ယောက်ဖြစ်တဲ့ အယ်မေးဒါးဟာ သူရဲ့အဓိက ကစားတဲ့နေရာက ကွင်းလယ်တိုက်စစ်ဆိုပေမယ့်လည်း ဘယ်တောင်ပံနဲ့ ညာတောင်ပံတွေမှာပါ ကစားတတ်သလို ညာခြေပိုအားသန်တဲ့ ကစားသမားလေးလည်းဖြစ်ပါတယ်။ လက်ရှိ အာဂျင်တီးနား လူငယ်ကစားသမားတွေထဲမှာ အကောင်းဆုံးလို့ သတ်မှတ်ခံထားရတဲ့ အယ်မေးဒါးဟာ ကွင်းလယ်ပိုင်းအတွင်း နေရာစုံကစားတတ်တဲ့ သူရဲ့ကစားဟန်ကြောင့် သူ့ကို လီယွန်နယ်မက်ဆီ အသေးစားလေးလို့တောင် တင်စားခေါ်ဆိုနေကြပြီး အယ်မေးဒါးဟာ ထိပ်တန်းအာဂျင်တီးနား ဘောလုံးသမားတစ်ယောက် ဖြစ်လာလိမ့်မယ်လို့ ထင်ကြေးပေးခံနေရပါတယ်။ ၂၀၁၈ခုနှစ်လောက်ကနေစတင်ပြီး ဗဲလ်လက်ဇ်ဆာဖီးလ်လူငယ်အသင်းကနေ ဆာဖီးလ်စီနီယာအသင်းဆီ ရောက်ရှိလာခဲ့တဲ့ အယ်မေးဒါးဟာ အသင်းကြီးမှာ အထူးခြေစွမ်းပြနေပြီး ပြီးခဲ့တဲ့ ဘောလုံးရာသီမှာလည်း အသင်းအတွက် ပွဲအရေအတွက်များစွာ ကစားနိုင်ခဲ့သလို သွင်းဂိုး(၅)ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။