ပရီးမီးယားလိဂ် နာမည်ကြီးအသင်း တသင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်က သူတို့အသင်းရဲ့ ထိပ်သီးပစ်မှတ် ကစားသမား တဦး ဖြစ်သူ အေဂျက်ကြယ်ပွင့် အန်တိုနီအတွက် ပထမဦးဆုံး တရားဝင် ကမ်းလှမ်းမှု အဖြစ် ယူရို ၆၀သန်းနဲ့ စတင် ကမ်းလှမ်းလိုက်ကြောင်း ဘရာဇီးလ် အခြေစိုက် သတင်းဌာနတွေက ဖော်ပြသွားကြပါတယ်။

ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ မျှော်မှန်းထားတဲ့ အောင်မြင်မှုတွေ မရခဲ့သလို ချန်ပီယံလိဂ်ဝင်ခွင့်ပါ မရခဲ့တဲ့ မန်ချက်စတာ ယူနိုက်တက်က သူတို့အသင်းရဲ့ နည်းပြသစ် အဖြစ် အေဂျက်နည်းပြ အဲရစ် တန်ဟက်ဂ်ကို ခေါ်ယူခဲ့သလို တန်ဟက်ဂ်ရဲ့ တောင်းဆိုမှုအရပဲ သူ့ရဲ့ တပည့်တွေ ဖြစ်တဲ့ ဒီဂျောင် ၊ မာတီနက်ဇ်နဲ့ အန်တိုနီတို့ကို ခေါ်ယူဖို့ ကြိုးပမ်းနေပါတယ်။

Photo Credit: Goal

အသက် ၂၂နှစ် အရွယ် ဘရာဇီးလ် လက်ရွေးစင် တောင်ပံတိုက်စစ် ကစားသမား အန်တိုနီက အဲရစ် တန်ဟက်ဂ်ရဲ့ လက်အောက်မှာ ဥရောပရဲ့ ထိပ်တန်း တောင်ပံတိုက်စစ် ကစားသမား တဦး အဖြစ် ခြေစွမ်းပြ ကစားနိုင်ခဲ့သူ ဖြစ်ကာ အေဂျက်အတွက် ပြိုင်ပွဲစုံမှာ ၇၉ပွဲ ပါဝင် ကစားပေးခဲ့ရာ သွင်းဂိုး ၂၂ဂိုး သွင်းယူပေးနိုင်ခဲ့ပြီး ဂိုးဖန်တီးမှု ၂၀ကြိမ် အထိ ပြုလုပ်နိုင်ခဲ့ပါတယ်။

ဒါကြောင့်ပဲ အဲရစ် တန်ဟက်ဂ်က သူ့ရဲ့ အားကိုးရတဲ့ တပည့်ရင်း အန်တိုနီကို မန်ချက်စတာ ယူနိုက်တက်ဆီ ခေါ်ယူပေးဖို့ အသင်းရဲ့ တာဝန်ရှိသူတွေထံ တောင်းဆိုခဲ့တာ ဖြစ်သလို အန်တိုနီကလည်း သူ့ရဲ့ ဆရာရင်း တန်ဟက်ဂ် ရှိနေတဲ့ မန်ချက်စတာ ယူနိုက်တက်ဆီ ပြောင်းရွှေ့ချင်နေပါတယ်။

Photo Credit: Goal

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Goal သတင်းဌာနရဲ့ ဖော်ပြချက်အရ မန်ချက်စတာ ယူနိုက်တက်က ယနေ့ညပိုင်းမှာပဲ အေဂျက်ထံ ဆက်သွယ်ကာ အန်တိုနီအတွက် တရားဝင် ကမ်းလှမ်းမှု တခု ပြုလုပ်ခဲ့ပြီး ကမ်းလှမ်းမှုက ယူရို ၆၀သန်း တန်ကြေး ရှိကာ အေဂျက်ကတော့ မန်ချက်စတာ ယူနိုက်တက်ရဲ့ ပထမဦးဆုံး တရားဝင် ကမ်းလှမ်းမှုကို ငြင်းဆန်ပယ်ချခဲ့ပြီး အန်တိုနီအတွက် ပြောင်းရွှေ့ကြေး ယူရို ၈၀သန်း အထိ တောင်းဆိုနေကြောင်း သိရပါတယ်။

ဒါပေမယ့် မန်ချက်စတာ ယူနိုက်တက်ကတော့ အန်တိုနီအတွက် ပြောင်းရွှေ့ကြေး ယူရို ၈၀သန်း အထိ မပေးချင်ပဲ အန်တိုနီရဲ့ ပက်ဒရိုဆိုက အေဂျက်ရဲ့ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံကာ အန်တိုနီကို အသင်းပြောင်းခွင့် ပေးဖို့နဲ့ အန်တိုနီအတွက် ပြောင်းရွှေ့ကြေး လျှော့ယူပေးဖို့ တောင်းဆိုထားကြောင်းလည်း အေဂျက်နဲ့ နီးစပ်သူတွေက ထုတ်ဖော် ပြောကြားထားကြပါတယ်။