ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ယခုနှစ် ဘောလုံးရာသီ အကုန်မှာ ဂျာမန် ဘွန်ဒက်လီဂါကလပ် ဂလက်ဘက်အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မယ့် ကွင်းလယ်ကြယ်ပွင့် ဇာကာရီယာကို ခေါ်ယူဖို့ ဆွေးနွေးမှုတွေ တရားဝင် ပြုလုပ်နေကြောင်း အင်္ဂလန် အခြေစိုက် သတင်းဌာနတွေက အခိုင်အမာ ဖော်ပြသွားကြပါတယ်။

ယခုနှစ် ဘောလုံးရာသီမှာ ရလဒ်ကောင်းတွေ ရရှိဖို့ ရုန်းကန်နေရတဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ဇန်နဝါရီ အပြောင်းအရွှေ့ အတွင်းမှာ အသင်းအတွက် အသုံးဝင်မယ့် ထိပ်တန်း ကွင်းလယ်ခံစစ် ကစားသမား တဦးကို ခေါ်ယူဖို့ ချိန်ရွယ်နေတဲ့ အသင်းတသင်းပါ။

Photo Credit: Standard

မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ပေါ့ဘာ ၊ ဘရူနို ဖာနန်ဒက် ၊ တော်မီနေး ၊ မာတစ် ၊ ဖရက်ဒ် ၊ ဗန်ဒီဘိခ် စတဲ့ ကွင်းလယ်လူတွေကို ပိုင်ဆိုင်ထားပေမယ့် မာတစ် တဦးထဲကသာ ကွင်းလယ်ခံစစ်မှာ အကောင်းဆုံး ပုံစံနဲ့ ကစားနိုင်သလို မာတစ်ကလည်း အသက်အရွယ်အရ အကျပိုင်းကို ရောက်နေတာကြောင့် ထိပ်တန်း ကွင်းလယ်ခံစစ် ကစားသမား တဦး ဖြစ်သူ ဇာကာရီယာကို ခေါ်ယူဖို့ ကြိုးပမ်းလာတာပဲ ဖြစ်ပါတယ်။

အသက် ၂၅နှစ် အရွယ် ဆွစ်ဇာလန် လက်ရွေးစင် ကွင်းလယ်ခံစစ် ကစားသမား ဇာကာရီယာဟာ ကြံ့ခိုင်မှု အားကောင်းသလို ဘောလုံးစွမ်းရည်လည်း ပြည့်ဝသူ ဖြစ်တာကြောင့် ဘွန်ဒက်လီဂါပြိုင်ပွဲရဲ့ အကောင်းဆုံး ကွင်းလယ်ခံစစ် ကစားသမား သုံးဦးစာရင်းဝင်သူ ဖြစ်ပြီး ယခုနှစ် ဘောလုံးရာသီ အကုန်မှာ ဂလက်ဘက်အသင်း ကနေ ထွက်ခွာမယ်လို့ တရားဝင် ကြေညာထားသူပါ။

Photo Credit: Standard

ဒါကြောင့်ပဲ ဇာကာရီယာကို ခေါ်ယူချင်တဲ့ အသင်းတွေ အနေနဲ့ ယခု ဇန်နဝါရီလ အပြောင်းအရွှေ့ အတွင်းမှာ အကြို သဘောတူညီမှု စာချုပ် ချုပ်ဆိုပြီး ရာသီကုန်မှ အလွတ် ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူလို့ ရပေမယ့် မန်ချက်စတာ ယူနိုက်တက်အသင်း ကတော့ ပြောင်းရွှေ့ကြေး အနည်းငယ် ပေးချေကာ ဇာကာရီယာကို ယခု ဇန်နဝါရီ အပြောင်းအရွှေ့မှာပဲ ခေါ်ယူဖို့ ဆုံးဖြတ်ထားပါတယ်။

ယုံကြည်စိတ်ချရတဲ့ အင်္ဂလန် သတင်းထောက် ရှရင်ဂါရဲ့ ပြောဆိုချက်အရ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ဇာကာရီယာကို ခေါ်ယူဖို့ အတွက် သူ့ရဲ့ အေးဂျင့်ဖြစ်သူနဲ့ တရားဝင် ဆွေးနွေးနေသလို ဂလက်ဘက် အသင်းဆီလည်း ကမ်းလှမ်းမှုတွေ ပြုလုပ်ထားပြီး ဂလက်ဘက်အသင်းက ဇာကာရီယာ အတွက် ပြောင်းရွှေ့ကြေး ယူရို ၆သန်း အလိုရှိနေကြောင်း သိရပါတယ်။