ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ဂျာမန် ဘွန်ဒက်လီဂါ နာမည်ကြီးကလပ် လိုက်ပ်ဇက်အသင်းရဲ့ ကွင်းလယ်လူ ဟိုင်ဒရာကို ခေါ်ယူဖို့ အတွက် တရားဝင် ဆွေးနွေးမှုတွေ စတင် ပြုလုပ်နေကြောင်း အင်္ဂလန် အခြေစိုက် သတင်းဌာနတွေက ယနေ့မနက်ပိုင်းမှာပဲ ဖော်ပြလာခဲ့ပါတယ်။

မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့မှာ ရိုနယ်ဒို ၊ ဆန်ချို ၊ ဗာရန်း စတဲ့ ကစားသမား သုံးဦးကို ပြောင်းရွှေ့ကြေး ပေါင် ၁၀၀သန်းကျော် အသုံးပြုကာ ခေါ်ယူထားခဲ့ပေမယ့် အသင်းရဲ့ ကွင်းလယ်ပိုင်းမှာ ကြံ့ခိုင်မှု အားကောင်းကာ ခံစစ်အားသန်တဲ့ ကွင်းလယ်လူ တဦးကို ထပ်မံ ဖြည့်တင်းဖို့ စဉ်းစားနေတာကြောင့် ဟိုင်ဒရာကို ခေါ်ယူဖို့ ချိတ်ဆက်မှုတွေ ပြုလုပ်လာတာပါ။

Photo Credit: The Mirror

အသက် ၂၃နှစ် အရွယ် မာလီ လက်ရွေးစင် ကွင်းလယ်ခံစစ် ကစားသမား ဟိုင်ဒရာဟာ လိုက်ပ်ဇက်အသင်းနဲ့ အတူ တောက်ပနေတဲ့ ကွင်းလယ်လူ တဦး ဖြစ်ပြီး ယခုနှစ် ဘောလုံးရာသီမှာ လိုက်ပ်ဇက်အသင်း အတွက် ပြိုင်ပွဲစုံမှာ ၁၈ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၃ဂိုး သွင်းယူထားနိုင်ပါတယ်။

ဟိုင်ဒရာဟာ ကြံ့ခိုင်မှု အားကောင်းသလို သွင်းဂိုးတွေလည်း သွင်းယူနိုင်စွမ်း ရှိတဲ့ ကွင်းလယ်ခံစစ် ကစားသမား တဦး ဖြစ်တာကြောင့် မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ယာယီနည်းပြ ရန်းဂ်နစ်က သူ့ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတာ ဖြစ်ပြီး ဟိုင်ဒရာကလည်း မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ပရိသတ် တဦး ဖြစ်ကြောင်း ဝန်ခံထားဖူးပါတယ်။

Photo Credit: The Mirror

နာမည်ကြီး သတင်းထောက် တဦး ဖြစ်သူ ရှရင်ဂါရဲ့ ဖော်ပြချက်အရ မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ တာဝန်ရှိသူတွေဟာ လိုက်ပ်ဇက်အသင်းရဲ့ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံကာ ဟိုင်ဒရာရဲ့ အပြောင်းအရွှေ့ အတွက် တရားဝင် ဆွေးနွေးမှုတွေ စတင် ပြုလုပ်နေပြီး မကြာခင် နှစ်သင်းကြားမှာ တရားဝင် သဘောတူညီမှု ရရှိဖို့ နီးစပ်နေကြောင်း သိရပါတယ်။