ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်ဟာ အသင်းရဲ့ အားနည်းနေတဲ့ ကွင်းလယ်ခံစစ်ပိုင်းကို အင်အားဖြည့်တင်းဖို့ ပြင်သစ် လီဂူးဝမ်း နာမည်ကြီးကလပ် မာဆေးလ်ရဲ့ ကွင်းလယ်လူ ကာမာရာကို ခေါ်ယူဖို့ တရားဝင် ဆွေးနွေးမှုတွေ စတင် ပြုလုပ်နေကြောင်း ပြင်သစ် အခြေစိုက် သတင်းဌာနတွေက အခိုင်အမာ ဖော်ပြသွားကြပါတယ်။

မန်ချက်စတာ ယူနိုက်တက်ဟာ ဘရူနို ဖာနန်ဒက် ၊ ပေါ့ဘာ ၊ ဖရက်ဒ် ၊ တော်မီနေး ၊ မာတစ် ၊ ဗန်ဒီဘိခ် စတဲ့ ကွင်းလယ်လူတွေကို ပိုင်ဆိုင်ထားပေမယ့် ဗန်ဒီဘိခ်ကို ယခု ဇန်နဝါရီလ အပြောင်းအရွှေ့ အတွင်းမှာပဲ အငှားချဖို့ စီစဉ်နေသလို ကွင်းလယ်ခံစစ် နေရာမှာ ကစားနိုင်စွမ်းရှိသူက မာတစ် တဦးထဲသာ ရှိနေတာကြောင့် ကာမာရာကို ခေါ်ယူဖို့ စိတ်ဝင်စားနေတာပဲ ဖြစ်ပါတယ်။

Photo Credit: Marca

အသက် ၂၂နှစ် အရွယ် ပြင်သစ် ယူ-၂၁ လက်ရွေးစင် ကွင်းလယ်လူ ကာမာရာဟာ ဗဟိုကွင်းလယ်လူ နေရာနဲ့ ကွင်းလယ်ခံစစ် နေရာတွေမှာ ကစားနိုင်စွမ်းရှိပြီး လိုအပ်ရင် လိုအပ်သလို ဗဟိုခံစစ် ကစားသမား အဖြစ်လည်း အသုံးပြုနိုင်သူပါ။

မာဆေးလ် အကယ်ဒမီထွက် ကစားသမား ဖြစ်သူ ကာမာရာဟာ ယခုနှစ် ဘောလုံးရာသီမှာ မာဆေးလ် အတွက် ပြိုင်ပွဲစုံမှာ ၂၄ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၁ဂိုး သွင်းယူပေးထားနိုင်ပေမယ့် အသင်းနဲ့ စာချုပ်သစ် ချုပ်ဆိုဖို့ ငြင်းဆန်ထားပါတယ်။

Photo Credit: Marca

ဒါကြောင့်ပဲ မာဆေးလ်က ကာမာရာကို ရာသီကုန်မှာ အလွတ်နဲ့ ထွက်ခွာခွင့် ပြုဖို့ထက် ဇန်နဝါရီ အပြောင်းအရွှေ့မှာပဲ ရောင်းထုတ်ဖို့ စီစဉ်နေပြီး ကာမာရာ အတွက် ပြောင်းရွှေ့ကြေး ယူရို ၁၀သန်း ဝန်းကျင် အလိုရှိနေပါတယ်။

နာမည်ကြီး ဗြိတိန် သတင်းထောက် တဦး ဖြစ်သူ လောရန်ဝှိုက်ရဲ့ ဖော်ပြချက်အရ မန်ချက်စတာ ယူနိုက်တက်ဟာ ကာမာရာကို ခေါ်ယူဖို့ အတွက် သူ့ရဲ့ အေးဂျင့်နဲ့ တရားဝင် တွေ့ဆုံ ဆွေးနွေးမှုတွေ ပြုလုပ်နေပြီး ကာမာရာနဲ့ ပုဂ္ဂိုလ်ရေးအရ သဘောတူညီမှု ရရှိဖို့ နီးစပ်နေပေမယ့် ကာမာရာက တပတ် လုပ်ခလစာ ပေါင် ၁၅၀၀၀၀ အထိ လိုချင်နေတာကြောင့် ဆွေးနွေးမှုတွေ ဆက်လက် ပြုလုပ်နေကြောင်း သိရပါတယ်။ မန်ချက်စတာ ယူနိုက်တက်က ကာမာရာ အတွက် မာဆေးလ်က လိုချင်နေတဲ့ ပြောင်းရွှေ့ကြေး ယူရို ၁၀သန်းကိုလည်း ပေးချေဖို့ လိုလိုလားလား ရှိကြောင်း အသင်းနဲ့ နီးစပ်သူတွေက ဆိုထားပါတယ်။