ပရီးမီးယားလိဂ်ရဲ့ နာမည်ကြီးအသင်း ဖြစ်တဲ့ မန်ယူအသင်းဟာ သူတို့အသင်းရဲ့ ကာလရှည် ပစ်မှတ် ကစားသမား တစ်ဦး ဖြစ်တဲ့ ဘွန်ဒက်လီဂါကလပ် ဒေါ့မွန်အသင်းရဲ့လူငယ် တောင်ပံ ကစားသမား ဂျေဒန် ဆန်ချိုကို ခေါ်ယူနိုင်ဖို့ အတွက် ဒေါ့မွန်အသင်းဆီ တရားဝင် ကမ်းလှမ်းမှု ပြုလုပ်ခဲ့ကြောင်း သိရပါတယ်။ အသက်၂၀ အရွယ် အင်္ဂလန် ညာတောင်ပံ ကစားသမား ဆန်ချိုဟာ မန်ယူအသင်းထံ ပြောင်းရွှေ့ဖို့ ကာလရှည် ရေပန်းစားနေသူ ဖြစ်ပြီး လက်ရှိအချိန်မှာတော့ မန်ယူအသင်းထံ ပြောင်းရွှေ့ဖို့ အတွက် အနီးစပ်ဆုံး အနေအထားတစ်ခုကို ရောက်ရှိနေပြီလည်း ဖြစ်ပါတယ်။

Photo Credit: Sport Bible

 

ဥရောပ သတင်းမီဒီယာတွေရဲ့ တညီတညွတ်ထဲ ဖော်ပြချက်အရ မန်ယူအသင်းဟာ ယမန်နေ့မှာ ဆန်ချိုဖြစ်သူအား ခေါ်ယူဖို့ အတွက် ပုဂ္ဂိုလ်ရေးအရ သဘောတူညီမှု ရယူနိုင်ခဲ့ပြီး အဆိုပါ သဘောတူညီမှုထဲမှာ ဆန်ချိုတစ်ယောက် မန်ယူအသင်းမှာ လာကစားရင် ရရှိမယ့် လုပ်ခလစာနဲ့ အေးဂျင့်ခတွေ ပါဝင်ကြောင်း သိရပါတယ်။ ထွက်ပေါ်နေတဲ့ သတင်းတွေ အရတော့ မန်ယူအသင်းဟာ ဆန်ချိုကို တစ်ပတ်လုပ်ခ လစာ ပေါင် ၂၅၀၀၀၀ ဝန်းကျင် ပေးချေမှာ ဖြစ်ပြီး ဆန်ချိုအား ၅နှစ်သက်တမ်း ရှိတဲ့ စာချုပ် ချုပ်ဆိုမှာ ဖြစ်ကာ အသင်းဘက်ကနေ နောက်ထပ် ၁ နှစ် အလိုအလျောက် သက်တမ်းတိုးနိုင်မယ့် အချက်ကိုလည်း ထည့်သွင်းဖွယ်ရှိကြောင်း သိရှိထားရပါတယ်။

Photo Credit: Sport Bible

မန်ယူအသင်းဟာ ဆန်ချိုကို ခေါ်ယူဖို့ အတွက် ပုဂ္ဂိုလ်ရေးအရ သဘောတူညီမှု ရယူနိုင်ခဲ့သလို ဒေါ့မွန်အသင်းဆီကိုလည်း မကြာခင်က တရားဝင် ကမ်းလှမ်းမှု ပြုလုပ်ခဲ့ကြောင်း နာမည်ကျော် သတင်းထောက် တစ်ဦး ဖြစ်တဲ့ Fabrizio Romano ကလည်း အတည်​ပြုထားခဲ့ပါတယ်။ Romano ရဲ့ အဆိုအရတော့ မန်ယူအသင်းဟာ ဆန်ချိုကို ၅နှစ်စာချုပ် ချုပ်ဆိုမှာ ဖြစ်သလို ဆန်ချိုအတွက် ဒေါ့မွန်အသင်းထံ ပြောင်းရွှေ့ကြေး ပေါင် ၉၀ သန်း + အပိုဆုကြေး ပေါင် ၁၈ သန်း စုစုပေါင်း ပေါင် ၁၀၈ သန်း တန်ကြေး ရှိတဲ့ ကမ်းလှမ်းမှု တစ်ရပ်နဲ့ ကမ်းလှမ်းခဲ့ကြောင်း သိရပါတယ်။ မန်ယူအသင်းဘက်က ကမ်းလှမ်းထားတဲ့ ကမ်းလှမ်းမှုဟာ ဆန်ချိုအတွက် ဒေါ့မွန်အသင်း တောင်းဆိုထားတဲ့ ပြောင်းရွှေ့ကြေး ယူရို ၁၂၀ သန်းဆိုတဲ့ ပမာဏနဲ့ အတော်လေး နီးစပ် နေတာကြောင့် မကြာမီမှာပဲ မန်ယူအသင်းနဲ့ ဆန်ချိုတို့ရဲ့ အပြောင်းအရွှေ့ဟာ ဖြစ်ပေါ်လာဖွယ် ရှိကြောင်း သုံးသပ်လိုက်ရပါတယ်။