ပရီးမီးယားလိဂ် အင်အားကြီး အသင်းတစ်သင်း ဖြစ်တဲ့ မန်ယူအသင်းဟာ သူတို့အသင်းကနေ ထွက်ခွာသွားတာ ၁၀နှစ် ကျော်သွားပြီ ဖြစ်တဲ့ ဂျူဗင်တပ်အသင်းရဲ့ ပေါ်တူဂီ တိုက်စစ်မှူး ရိုနယ်ဒိုကို ပြန်လည် ခေါ်ယူဖို့ စီစဉ်နေကြောင်း အီတလီ အခြေစိုက် သတင်းဌာနတွေက ဖော်ပြ သွားပါတယ်။ ရိုနယ်ဒိုသာ မန်ယူအသင်း ကနေ ထွက်ပေါ်လာတဲ့ ကမ္ဘာ့အဆင့် ကစားသမားတွေထဲက တစ်ဦးဖြစ်ပြီး မန်ယူအသင်းမှာ ချန်ပီယံလိဂ် ဖလား အပါအဝင် ဆုဖလားပေါင်းများစွာ ရယူနိုင်ခဲ့ကာ သူ ထွက်သွားပြီး နောက်ပိုင်းမှာ မန်ယူအသင်းဟာ ချန်ပီယံလိဂ်ဖလားကို ထပ်မံ ရယူနိုင်ခြင်း မရှိတော့ပါဘူး။

Photo Credit: Marca

လက်ရှိမှာ အသက် ၃၅နှစ် အရွယ် ရှိနေပြီ ဖြစ်တဲ့ ရိုနယ်ဒိုဟာ ဂျူဗင်တပ်အသင်းနဲ့ ၂၀၂၂ ခုနှစ် အထိ စာချုပ်သက်တမ်း ကျန်ရှိနေသူ ဖြစ်ပေမယ့် ကိုရိုနာဗိုင်းရပ်ကြောင့် ဘဏ္ဏာရေး အကြပ်အတည်းတွေနဲ့ ရင်ဆိုင်နေရတဲ့ ဂျူဗင်တပ်အသင်းဟာ လာမယ့် နွေရာသီ အပြောင်းအရွှေ့မှာ ရိုနယ်ဒိုကို ရောင်းချတော့မှာ ဖြစ်ကြောင်း ခိုင်လုံတဲ့ သတင်းဌာနတွေက ဖော်ပြခဲ့ကြပြီး ရိုနယ်ဒိုကလည်း ဂျူဗင်တပ်အသင်းကို စွန့်ခွာကာ အသင်းသစ် ရှာဖွေနေပါတယ်။ နာမည်ကြီး သတင်းထောက်တွေထဲက တစ်ဦးဖြစ်တဲ့ ခရစ်ယန် မာတင်ရဲ့ အဆိုအရတော့ မန်ယူအသင်းဟာ ရိုနယ်ဒိုကို သူတို့အသင်းထံ ခေါ်ယူဖို့ အတွက် ကမ်းလှမ်းမှုတွေ ပြုလုပ် ထားပြီး ရိုနယ်ဒိုကလည်း အသင်းဟောင်းကို ပြန်ဖို့ စိတ်ဝင်စား နေကာ မန်ယူအသင်းကသာ ဂျူဗင်တပ် အသင်းနဲ့ သဘောတူညီမှု ရရှိပါက ပြောင်းရွှေ့ဖွယ် ရှိကြောင်း သိရပါတယ်။

Photo Credit: Marca

မန်ယူအသင်းက ရိုနယ်ဒိုကို ခေါ်ယူဖို့ ကမ်းလှမ်းမှု ပြုလုပ်ထားကြောင်းကို မာတင်က “ လုံးဝ နောက်ဆုံးရ သတင်းပါ။ မန်ချက်စတာနဲ့ ပေါ်တိုမှာ ရှိတဲ့ ကျွန်တော်တို့ရဲ့ အတွင်းလူတွေ ပြောတာ ကတော့ မန်ယူအသင်းဟာ ရိုနယ်ဒိုကို ကမ်းလှမ်းမှု တစ်ခု ပြုလုပ်ထားပါတယ်။ ရိုနယ်ဒိုကလည်း မန်ယူအသင်းရဲ့ ကမ်းလှမ်းမှုကို စိတ်ဝင်စားနေပြီး လေ့လာမှု လုပ်နေပါတယ်။ တကယ်လို့ သူကသာ တောင်းဆိုရင် ဂျူဗင်တပ် အသင်းဟာ ဆွေးနွေးမှု ပြုလုပ်တော့မှာပါ” ဆိုပြီး ဖော်ပြ သွားခဲ့တာပါ။ လက်ရှိမှာ ထွက်ပေါ် နေတဲ့ သတင်းတွေ အရတော့ ရိုနယ်ဒိုကို ခေါ်ယူနိုင်ဖို့ ပီအက်စ်ဂျီ အသင်းက ရေပန်း အစားဆုံး ဖြစ်နေပြီး မန်ယူအသင်းဟာ ဒုတိယ ရေပန်းအစားဆုံး အသင်းပဲ ဖြစ်ပါတယ်။