ပရီးမီးယားလိဂ်ရဲ့ အင်အားကြီး အသင်းတစ်သင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ယခုနှစ် ဘောလုံးရာသီ အကုန်မှာ ရီးရဲလ်မက်ဒရစ် အသင်းနဲ့ စာချုပ်သစ် ကုန်ဆုံးတော့မယ့် စပိန်လက်ရွေးစင် အသင်းနဲ့ ရီးရဲလ်မက်ဒရစ် အသင်းရဲ့ အသင်းခေါင်းဆောင် ရာမို့စ်ကို အလွတ်‌ ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူဖို့ ကမ်းလှမ်းမှုတွေ ပြုလုပ်ထားကြောင်း ဥရောပ အခြေစိုက် သတင်းဌာနတွေက ဖော်ပြ သွားကြပါတယ်။ အသက် ၃၄နှစ် အရွယ် ဝါရင့် နောက်ခံလူ ရာမို့စ်ဟာ ရီးရဲလ်မက်ဒရစ် အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မှာ ဖြစ်ကာ အသင်းရဲ့ ဥက္ကဌ ပီရက်ဇ်နဲ့ ဆွေးနွေး ပြောဆိုမှုတွေ ပြုလုပ်ထား‌ပေမယ့် အသင်းနဲ့ စာချုပ်သက်တမ်း တိုးဖို့ သဘောတူညီမှု မရသေးတဲ့ ကစားသမား တစ်ဦးပဲ ဖြစ်ပါတယ်။

Photo Credit: SportBible

စပိန်အခြေစိုက် သတင်းဌာနတွေရဲ့ ဖော်ပြချက် အရတော့ ရီးရဲလ်မက်ဒရစ် အသင်းဟာ သူတို့အသင်းရဲ့ အသက် ၃၀ကျော် သွားတဲ့ ကစားသမားတွေကို ၁နှစ်ထက် ပိုပြီး သက်တမ်း မတိုးဘူး ဆိုတဲ့ ပေါ်လစီအရ ရာမို့စ်ကို သူ လိုချင်တဲ့ ၂နှစ် စာချုပ်နဲ့ ကမ်းလှမ်းနိုင်ခြင်း မရှိပဲ ၁နှစ် + အပို ၁နှစ် ဆိုတဲ့ အချက်နဲ့သာ ကမ်းလှမ်း ထားတာကြောင့် ရာမို့စ်ဟာ ရီးရဲလ်မက်ဒရစ် အသင်းရဲ့ ကမ်းလှမ်းမှုကို လက်မခံတာ ဖြစ်ကြောင်း သိရပါတယ်။ ရာမို့စ်ကတော့ သူဟာ ပီအက်စ်ဂျီ အသင်းထံ ကနေ ကောင်းမွန်တဲ့ ကမ်းလှမ်းမှု တစ်ခု ရရှိထားကြောင်း ရီးရဲလ်မက်ဒရစ် အသင်းရဲ့ ဥက္ကဌဖြစ်သူ ပီရက်ဇ်ကို ပြောပြထားပြီး ပီရက်ဇ် ကတော့ သူ့ဘက်က တတ်စွမ်းသရွေ့ အကောင်းဆုံး ကမ်းလှမ်းထားကြောင်းနဲ့ အဆိုပါ ကမ်းလှမ်းမှုထက် သာလွန်တဲ့ ကမ်းလှမ်းမှုတွေ ရပါက အသင်းကနေ ထွက်ခွာနိုင်ကြောင်း ပြန်လည် တုံ့ပြန်ထားပါတယ်။

Photo Credit: SportBible

နာမည်ကြီး အီတလီ သတင်းထောက် ဖြစ်သူ ဒီမာဇီယိုရဲ့ ပြောကြားချက် အရ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ လာမယ့် နွေရာသီ အပြောင်းအရွှေ့မှာ ရာမို့စ်ကို အလွတ် ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူဖို့ ကြိုးစား နေပြီး လက်ရှိမှာ ရာမို့စ်ရဲ့ အေးဂျင့်တွေနဲ့ ချိတ်ဆက်မှုတွေ ပြုလုပ်နေကာ အနည်းဆုံး ၂နှစ် သက်တမ်း ရှိတဲ့ စာချုပ်နဲ့ ကမ်းလှမ်းထားခြင်း ဖြစ်ကြောင်း သိရပါတယ်။ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ၂၀၁၅ ခုနှစ်မှာ ရာမို့စ်ကို ခေါ်ယူနိုင်ဖို့ အလွန့်အလွန် နီးစပ်တဲ့ အနေအထားကို ရောက်ရှိခဲ့တဲ့ အသင်း ဖြစ်သလို ရာမို့စ်ကလည်း ပရီးမီးယားလိဂ်မှာ လာရောက် ကစားဖြစ်ပါက မန်ချက်စတာ ယူနိုက်တက် အသင်းမှာသာ ကစားချင်တာကြောင့် အကယ်၍ ရာမို့စ်ကသာ ပီအက်စ်ဂျီ အသင်းထံ ပြောင်းရွှေ့ဖို့ ငြင်းဆန်ခဲ့ပါက မန်ချက်စတာ ယူနိုက်တက် အသင်းထံသာ ပြောင်းရွှေ့ဖွယ် ရှိကြောင်း အပြောင်းအရွှေ့ ကျွမ်းကျင်သူတွေက သုံးသပ် ပြောကြား ထားပါတယ်။