ပရီးမီးယားလိဂ်ရဲ့ နာမည်ကြီး အသင်းတစ်သင်း ဖြစ်တဲ့ မန်ယူအသင်းဟာ ဥရုဂွေး လူငယ် ကြယ်ပွင့်တစ်ဦး ဖြစ်တဲ့ ပယ်လီစရီကို ခေါ်ယူဖို့ အတွက် ကမ်းလှမ်းမှုတွေ ပြုလုပ်ထားကြောင်း အင်္ဂလန် သတင်းမီဒီယာတွေရဲ့ ဖော်ပြချက်အရ သိရပါတယ်။ အသက် ၁၈နှစ် အရွယ်သာ ရှိသေးတဲ့ ဥရုဂွေး လူငယ် တောင်ပံ ကစားသမား ပယ်လီစရီဟာ ဥရုဂွေး ထိပ်သီးကလပ် Penarol အသင်းမှာ ကစားနေသူ တစ်ဦး ဖြစ်ပြီး Penarol အသင်းအတွက် အသက် ၁၇ နှစ်ကတည်းက စတင် ကစားခွင့် ရရှိထားသူ ဖြစ်ကာ အနာဂတ် မှာ ဥရုဂွေး လက်ရွေးစင် အသင်းရဲ့ အားထားရတဲ့ ကစားသမား ဖြစ်လာမယ့်သူ အဖြစ် ထင်ကြေး ပေးခံထားရသူ တစ်ဦးပါ။

Photo Credit: Sport Witness

ညာတောင်ပံ နေရာမှာ အဓိက ကစားလေ့ ရှိတဲ့ ပယ်လီစရီဟာ Penarol အသင်း အတွက် ပြိုင်ပွဲစုံမှာ ၃၇ပွဲ ပါဝင် ကစားပေးထားပြီး ၂ဂိုး သွင်းယူကာ ၄ဂိုးအထိ ဖန်တီး ပေးထားနိုင်ခဲ့ပါတယ်။ သူ့ရဲ့ ဂိုးသွင်းမှတ်တမ်းတွေဟာ အားရစရာ မကောင်းပေမယ့် ပယ်လီစရီကို ခေါ်ယူဖို့ စိတ်ဝင် စားနေတဲ့ အသင်းတွေ များစွာ ရှိနေပြီး လက်ရှိမှာတော့ ပြင်သစ် နာမည်ကြီး အသင်း ဖြစ်တဲ့ လိုင်ယွန်အသင်းနဲ့ မန်ယူအသင်းတို့ဟာ ပယ်လီစရီကို ခေါ်ယူနိုင်ဖို့ ရေပန်းစား နေကြပါတယ်။ ဥရုဂွေး နာမည်ကြီး သတင်းထောက် တစ်ဦး ဖြစ်တဲ့ Giovanelli ရဲ့ အဆိုအရ​တော့ မန်ယူအသင်းဟာ ပယ်လီစရီ အတွက် Penarol အသင်းထံကို တရားဝင် ကမ်းလှမ်းမှု ပြုလုပ်ခဲ့ကြောင်း သိရပါတယ်။

Photo Credit: Sport Witness

Giovanelli က မန်ယူအသင်းဟာ ပယ်လီစရီ အတွက် Penarol အသင်းကို မဖော်ပြထားတဲ့ ကမ်းလှမ်းမှု တစ်ခုနဲ့ ကမ်းလှမ်းခဲ့သလို ပယ်လီစရီကိုလည်း ၅နှစ် သက်တမ်းရှိတဲ့ စာချုပ်တစ်ရပ် နဲ့ ကမ်းလှမ်းခဲ့တာ ဖြစ်ကြောင်း ဖွင့်ဟ ပြောပြ သွားခဲ့တာပါ။ လက်ရှိမှာတော့ လိုင်ယွန်အသင်း ဟာ ပယ်လီစရီကို ခေါ်ယူဖို့ ရေပန်းအစားဆုံး ဖြစ်နေပေမယ့် ပယ်လီစရီကို အငှားစာချုပ်နဲ့သာ ခေါ်ယူဖို့ ကမ်းလှမ်း ထားတာကြောင့် Penarol အသင်းဟာ မန်ယူအသင်းရဲ့ ကမ်းလှမ်းမှုကို သဘောကျ နေပြီး မန်ယူအသင်းရဲ့ ကမ်းလှမ်းမှုထဲမှာ ပယ်လီစရီကို ခေါ်ယူပြီးပါက Penarol အသင်းထံ တစ်ရာသီ အငှားချမယ့် အချက်လည်း ပါဝင်တာကြောင့် Penarol အသင်းဟာ မန်ယူအသင်းရဲ့ ကမ်းလှမ်းမှုကို သဘောကျနေကြောင်း Sport Witness သတင်းဌာနက ဖော်ပြ ထားပါတယ်။