ပရီးမီးယားလိဂ်ရဲ့ နာမည်ကြီး အသင်း ဖြစ်တဲ့ မန်ယူအသင်းဟာ သူတို့အသင်းရဲ့ ကာလရှည် ပစ်မှတ် ကစားသမား ဖြစ်တဲ့ ဒေါ့မွန် အသင်းရဲ့ လူငယ် တောင်ပံ ကစားသမား ဆန်ချို ကို လာမယ့် ၁၀ရက် အတွင်းမှာ အပြီးသတ် ခေါ်ယူနိုင်ဖို့ အတွက် အရှိန်မြှင့် ကြိုးပမ်းလာကြောင်း နာမည်ကြီး သတင်းဌာနတွေရဲ့ ဖော်ပြချက် အရ သိရှိ ရပါတယ်။ မန်ယူအသင်း ဟာ အသက်၂၀ အရွယ်သာ ရှိသေးတဲ့ ဆန်ချိုကို ခေါ်ယူဖို့ အတွက် တစ်နှစ်နီးပါး ကြာအောင် ​ကြိုးစား ခဲ့ပေမယ့် လက်ရှိ အချိန်အထိ အပြောင်းအရွှေ့ ဖြစ်မြောက်ဖို့ အတွက် နီးစပ်မှု မရှိသေးပဲ ဒေါ့မွန် အသင်း ကတော့ ဆန်ချိုဟာ သူတို့အသင်းမှာပဲ ဆက်ရှိ နေလိမ့်မယ် လို့ အကြိမ်ကြိမ် ပြောဆို ထားပါတယ်။

Photo Credit: Mirror

ဒါပေမယ့် ဂျာမန် အခြေစိုက် သတင်းထောက် အများစုရဲ့ အဆို အရတော့ ဒေါ့မွန်အသင်း ဟာ ဆန်ချိုကို အသင်းမှာ ဆက်လက် ထိန်းသိမ်း ထားဖို့ထက် ရောင်းချဖို့ကိုသာ ဆန္ဒရှိနေပြီး မန်ယူ အသင်းဘက်က သင့်တော်တဲ့ ကမ်းလှမ်းမှု တစ်စုံတစ်ရာ သာ ရောက်ရှိ လာမယ် ဆိုရင် ဆန်ချိုကို ရောင်းချ သွားဖို့ တွန့်ဆုတ်နေမှာ မဟုတ်ကြောင်း သိရပါတယ်။ မန်ယူအသင်း ဟာ ဆန်ချို ကို ခေါ်ယူဖို့ ပုဂ္ဂိုလ်ရေး အရ သဘောတူညီမှု ရရှိထားတာ ကြာမြင့်နေပြီ ဖြစ်ကြောင်း ကို ကနဦး ထွက်ပေါ် ထားတဲ့ သတင်းတွေ အရ သိရှိ ထားပြီး မန်ယူအသင်း သာ ဒေါ့မွန်အသင်းနဲ့ တရားဝင် သဘောတူညီမှု ရရှိပါက ဆန်ချိုရဲ့ အပြောင်းအရွှေ့ ဟာ လျင်မြန်စွာ အပြီးသတ် နိုင်မှာလည်း ဖြစ်ပါတယ်။

Photo Credit: Mirror

ယနေ့ မနက်မှာ ထွက်ပေါ် လာတဲ့ သတင်းတွေ အရတော့ မန်ယူ အသင်းဟာ ဆန်ချိုကို ခေါ်ယူဖို့ အတွက် ဒေါ့မွန်အသင်းဆီ တရားဝင် ကမ်းလှမ်းတော့မှာ ဖြစ်ပြီး အပြောင်းအရွှေ့ ကို လာမယ့် ၁၀ ရက် အတွင်း အပြီးသတ်နိုင်ဖို့ မျှော်လင့် ထားကြောင်းလည်း သိရပါတယ်။ နာမည်ကြီး သတင်းဌာန တစ်ခု ဖြစ်တဲ့ Mirror သတင်းဌာနရဲ့ အဆိုအရ မန်ယူအသင်း ဟာ ဆန်ချို အတွက် ဒေါ့မွန် အသင်းဆီ ကနဦး ပြောင်းရွှေ့​ကြေး ပေါင် ၇၅ သန်း + အပိုဆုကြေး ပေါင် ၁၅သန်း စုစုပေါင်း ပေါင် ၉၀ သန်း ရှိတဲ့ ပမာဏ တစ်ခုနဲ့ ကမ်းလှမ်းမှာ ဖြစ်ကြောင်းနဲ့ အဆိုပါ ကမ်းလှမ်းမှုကို ဒေါ့မွန် အသင်းဘက်က လက်ခံမယ်လို့ ယုံကြည်ထားတယ် လို့ သိရပါတယ်။ ဆက်စပ် သတင်းတွေ အရတော့ ဒေါ့မွန်အသင်းဟာ ဆန်ချိုကို ရောင်းချပြီးပါက ဝက်ဖို့ဒ် အသင်းရဲ့ လူငယ် တောင်ပံ ကစားသမား ဆားလ်ကို အသင်းထံ ပြန်လည် ခေါ်ယူဖို့ စီစဉ်နေပါတယ်။