ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်ဟာ စပိန်လာလီဂါ ထိပ်သီးကလပ် ဘာစီလိုနာနဲ့ ယခုနှစ် ဘောလုံးရာသီ အကုန်မှာ စာချုပ်သက်တမ်း ကုန်ဆုံးတော့မယ့် ဥရုဂွေး လက်ရွေးစင် ကွင်းလယ်လူ အာရူဂျိုကို အလွတ်နဲ့ ခေါ်ယူဖို့ တရားဝင် ဆက်သွယ်မှုတွေ ပြုလုပ်နေကြောင်း သိရပါတယ်။

အသက် ၂၂နှစ် အရွယ် ဥရုဂွေး လက်ရွေးစင် ခံစစ်မှူး အာရူဂျိုဟာ ၂၀၁၈ခုနှစ်မှာ ဥရုဂွေးကလပ် ဘော်စတွန် ရေးဗားအသင်း ကနေ ဘာစီလိုနာထံ ပြောင်းရွှေ့ကြေး ယူရို ၄.၂သန်းနဲ့ ပြောင်းရွှေ့လာသူ ဖြစ်ကာ ပြီးခဲ့တဲ့ ဘောလုံးရာသီမှ စတင်ပြီး အသင်းရဲ့ အဓိက နောက်ခံလူ တဦး အဖြစ် ခြေစွမ်းပြ ကစားထားနိုင်သူပါ။

Photo Credit: Standard

အာရူဂျိုဟာ အရပ်အမောင်း မြင့်မားသလို လျင်မြန်တာကြောင့် ပြိုင်ဘက်အသင်းတွေရဲ့ တိုက်စစ်ဆင်မှုကို ကြံ့ကြံ့ခံ တားဆီးနိုင်စွမ်း ရှိသလို အကြောက်အလန့် ကင်းတဲ့ ကစားသမား တဦး ဖြစ်တာကြောင့်ပဲ မန်ချက်စတာ ယူနိုက်တက်ရဲ့ ကင်းထောက်တွေက အာရူဂျိုကို စိတ်ဝင်စားနေကြပါတယ်။

အာရူဂျိုဟာ ဘာစီလိုနာနဲ့ စာချုပ်သက်တမ်း ၃လကျော်သာ ကျန်တော့တဲ့ ကစားသမား တဦး ဖြစ်တာကြောင့် ဘာစီလိုနာကလည်း သူ့ကို စာချုပ်သစ် ချုပ်ဆိုနိုင်ဖို့ အပူတပြင်း ကြိုးစားနေပေမယ့် ဘာစီလိုနာဘက်က ကမ်းလှမ်းထားတဲ့ တနှစ်လုပ်ခလစာ ယူရို ၄သန်း ဆိုတဲ့ ပမာဏဟာ အလွန် နည်းပါးတဲ့ လုပ်ခလစာ ပမာဏ ဖြစ်တယ်လို့ အာရူဂျိုနဲ့ သူ့ရဲ့ အေးဂျင့်တွေက ယူဆနေပြီး လုပ်ခလစာ တိုးမြှင့် ကမ်းလှမ်းဖို့ တောင်းဆိုထားကြပါတယ်။

Photo Credit: Standard

တဖက်မှာတော့ မန်ချက်စတာ ယူနိုက်တက်ဟာ အာရူဂျိုကို သူ လိုချင်တဲ့ တနှစ် လုပ်ခလစာ ယူရို ၁၀သန်း ဆိုတဲ့ ပမာဏကို ပေးချေဖို့ အဆင်သင့် ဖြစ်နေပြီး နာမည်ကြီး စပိန်အခြေစိုက် သတင်းဌာန တခု ဖြစ်တဲ့ Elchiringo TV သတင်းဌာနရဲ့ ဖော်ပြချက် အရတော့ ဘာစီလိုနာကသာ လုပ်ခလစာ တိုးမြှင့်ပေးခြင်း မရှိရင် အာရူဂျိုက မန်ချက်စတာ ယူနိုက်တက်ဆီ ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ဖွယ် ရှိကြောင်း သိရပါတယ်။