ပရီးမီးယားလိဂ်ရဲ့ နာမည်ကြီး အသင်း ဖြစ်တဲ့ မန်ယူအသင်းဟာ စပိန် လာလီဂါကလပ် ဘာစီလိုနာ အသင်းရဲ့ လူငယ် တောင်ပံ ကစားသမား ဒမ်ဘီလီကို တစ်ရာသီ အငှားနဲ့ ခေါ်ယူဖို့ အတွက် ဘာစီလိုနာ အသင်းဆီ ကမ်းလှမ်းမှု ပြုလုပ်ခဲ့ကြောင်း စပိန် အခြေစိုက် သတင်းဌာန အများစုက ဖော်ပြ သွားကြပါတယ်။ မန်ယူအသင်းဟာ ယခုနှစ် နွေစျေးကွက် အတွင်းမှာ ညာတောင်ပံ ကစားသမား တစ်ဦးကို ခေါ်ယူချင် နေတာ ဖြစ်ပြီး ဒေါ့မွန်အသင်းရဲ့ တောင်ပံ ကစားသမား ဆန်ချိုကို ခေါ်ယူဖို့ အဓိကထား ကြိုးပမ်းနေပေမယ့် ဒေါ့မွန်အသင်း တောင်းဆိုထားတဲ့ ပြောင်းရွှေ့ကြေး ပမာဏကို ပေးချေဖို့ ခက်ခဲနေတာကြောင့် ဒမ်ဘီလီကို တစ်ရာသီ အငှားနဲ့ ခေါ်ယူဖို့ စတင် ကြိုးပမ်း လာတာပဲ ဖြစ်ပါတယ်။

Photo Credit: Goal

အသက် ၂၃ နှစ် အရွယ်သာ ရှိသေးတဲ့ ဒမ်ဘီလီ ဟာ ပင်ကိုယ်ခြေစွမ်း ကောင်းမွန်သူ ဖြစ်ပေမယ့် သူ့ရဲ့ ဒဏ်ရာပြဿနာ များပြားမှုက ဘာစီလိုနာ အသင်းကို စိတ်ပျက်စေခဲ့ပြီး ဘာစီလိုနာ အသင်း ကတော့ မှန်ကန်တဲ့ ကမ်းလှမ်းမှု ရှိလာပါက ဒမ်ဘီလီကို ရောင်းချဖို့ အတွက် စဉ်းစား နေပါတယ်။ စပိန်နာမည်ကြီး သတင်းဌာန တစ်ခု ဖြစ်တဲ့ Marca သတင်းဌာနရဲ့ ဖော်ပြချက် အရ မန်ယူအသင်း ဟာ ဒမ်ဘီလီကို တစ်ရာသီအငှား နဲ့ ခေါ်ယူဖို့ ဘာစီလိုနာ အသင်းထံ ကမ်းလှမ်းခဲ့ကြောင်း သိရပြီး ဘာစီလိုနာ အသင်းဘက် ကတော့ ဒမ်ဘီလီကို အပြီးသတ်သာ ရောင်းချ လိုနေပြီး အငှားနဲ့ ခေါ်ယူခွင့် ပေးမယ် ဆိုရင်လဲ ရာသီကုန်မှာ ယူရို ၁၀၀ သန်းနဲ့ မဖြစ်မနေ ခေါ်ယူခွင့် ထည့်သွင်း ချုပ်ဆိုသွားဖွယ် ရှိကြောင်း သိရှိ ရပါတယ်။

Photo Credit: Goal

ဒါပေမယ့် ကတ်တလန်တာ အခြေစိုက် သတင်း ဌာနတွေရဲ့ ဖော်ပြချက် အရတော့ ဒမ်ဘီလီဟာ ဘာစီလိုနာ အသင်းကနေ ထွက်ခွာဖို့ အတွက် စိတ်ကူး မရှိသေးပဲ ဘာစီလိုနာ အသင်းမှာသာ နေရာ တစ်နေရာ ရဖို့အတွက် ကြိုးပမ်းသွားမယ် လို့ သိထား ရပါတယ်။ ဒါ့ကြောင့် မန်ယူအသင်း အနေနဲ့ ဒမ်ဘီလီကို တစ်ရာသီ အငှားနဲ့ ခေါ်ယူနိုင်ဖို့ အတော်လေး ကြိုးစား ရဖွယ်ရှိကာ ဘာစီလိုနာ အသင်းဘက် ကတော့ မန်ယူအသင်းသာ ဒမ်ဘီလီနဲ့ ပုဂ္ဂိုလ်ရေး အရ သဘောတူညီမှု ရရှိခဲ့ပါက ဒမ်ဘီလီကို ပြောင်းရွှေ့ခွင့် ပြုဖွယ် ရှိနေပါတယ်။ တစ်ဖက်မှာလည်း မန်ယူအသင်းဟာ ဆန်ချိုကို ခေါ်ယူဖို့ ခက်ခဲနေကာ ဆန်ချိုကို ခေါ်ယူဖို့ လုံးဝ အဆင်မပြေတော့ပါက ရေတို ကုစားမှု အနေနဲ့ ကစားသမား တစ်ဦးကို ခေါ်ယူရဖို့ ရှိနေပြီး စျေးကွက် အတွင်းမှာ မန်ယူအသင်း လိုချင်တဲ့ တောင်ပံ ကစားသမားတွေ ရှားပါးနေတာကြောင့် မန်ယူအသင်းဟာ ဒမ်ဘီလီ (သို့မဟုတ်) ဝက်ဖို့ဒ် အသင်းရဲ့ ကစားသမား ဆားလ်တို့ကို ခေါ်ယူဖွယ် ရှိကြောင်း အပြောင်းအရွှေ့ သုံးသပ်သူတွေက ခန့်မှန်း ထားကြပါတယ်။