ပရီးမီးယားလိဂ် အင်အားကြီးအသင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်အသင်းဟာ သူတို့အသင်းရဲ့ စပိန် ဂိုးသမား ဖြစ်သူ ဒေးဗစ် ဒီဂီယာကို အလိုက်ပေးပြီး စပိန်လာလီဂါကလပ် အက်သလက်တီကို မက်ဒရစ်ရဲ့ နံပါတ်တစ် ဂိုးသမား ဖြစ်သူ အော့ဘလက်ကို ခေါ်ယူဖို့ စီစဉ်နေကြောင်း စပိန်အခြေစိုက် သတင်းဌာနတွေက ယနေ့မနက်ပိုင်းမှာ ဖော်ပြလာကြပါတယ်။ စပိန် လက်ရွေးစင် ဂိုးသမား ဖြစ်သူ ဒီဂီယာဟာ မန်ချက်စတာ ယူနိုက်တက်အသင်းမှာ ဆယ်စုနှစ် တစ်ခုနီးပါး ကြာအောင် ကစားခဲ့သူ ဖြစ်ပေမယ့် လတ်တလောမှာတော့ သူ့ရဲ့ စွမ်းဆောင်ရည်တွေဟာ ကျဆင်းနေသလို ယူရိုပါလိဂ်ဖိုင်နယ်မှာ အသင်းကို ရှုံးပွဲကြုံတွေ့အောင် လုပ်ဆောင်ခဲ့သူ အဖြစ် ပရိသတ်တွေရဲ့ သတ်မှတ်ခြင်းကို ခံနေရပါတယ်။

Photo Credit: Fot Mob

အသက် ၃၀အရွယ် စပိန်ဂိုးသမား ဒီဂီယာဟာ အက်သလက်တီကို မက်ဒရစ်အသင်း ကနေ ထွက်ပေါ်လာတဲ့ ဂိုးသမားကောင်း တဦး ဖြစ်ပြီး ၂၀၁၁ခုနှစ် ဇူလိုင်လမှာ အက်သလက်တီကို မက်ဒရစ်အသင်း ကနေ မန်ချက်စတာ ယူနိုက်တက် အသင်းထံ ပြောင်းရွှေ့ကြေး ယူရို ၂၅သန်းနဲ့ ပြောင်းရွှေ့လာသူ ဖြစ်ကာ လက်ရှိမှာ အသင်းဟောင်း အက်သလက်တီကို မက်ဒရစ်အသင်းဆီ ပြန်လည် ရောက်ရှိမယ့် အလားအလာတွေ ရှိနေပါတယ်။ နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ The Sunရဲ့ ဖော်ပြချက်အရ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ယူရိုပါလိဂ်ဖိုင်နယ် အပြီးမှာ အသင်းရဲ့ ဂိုးသမား ဒီဂီယာကို အက်သလက်တီကို မက်ဒရစ်အသင်းရဲ့ ဂိုးသမားဖြစ်သူ အော့ဘလက်နဲ့ အလဲအထပ် လုပ်ဖို့ စဉ်းစားနေပြီး ယူနိုက်တက်ဟာ အော့ဘလက် အတွက် ဒီဂီယာ + ပြောင်းရွှေ့ကြေး ယူရို ၃၀သန်းခန့် ပေးချေဖို့ ရှိနေကြောင်း သိရပါတယ်။

Photo Credit: Fot Mob

အက်သလက်တီကို မက်ဒရစ်အသင်းရဲ့ ဂိုးသမား ဖြစ်သူ အော့ဘလက်ဟာ လက်ရှိမှာ စပိန် လာလီဂါရဲ့ အကောင်းဆုံး ဂိုးသမားတဦး အဖြစ် သတ်မှတ်ခံထားရသူ ဖြစ်ပြီး အက်သလက်တီကို မက်ဒရစ်အသင်းဟာ သူ့ကို ရောင်းချဖို့ လမ်းဖွင့်ထားပေမယ့် အော့ဘလက် အတွက် ပြောင်းရွှေ့ကြေး ယူရို ၇၀သန်းခန့် လိုချင်နေပါတယ်။ အော့ဘလက်ဟာ အက်သလက်တီကို မက်ဒရစ်အသင်းနဲ့ ၂၀၂၃ ခုနှစ်အထိ စာချုပ်သက်တမ်း ကျန်ရှိနေသူ ဖြစ်ပေမယ့် အင်္ဂလန် ပရီးမီးယားလိဂ်ကို ပြောင်းရွှေ့ ကစားဖို့ဟာ သူ့ရဲ့ အိမ်မက် ဖြစ်ကြောင်း ပြောကြားဖူးတာကြောင့် မန်ချက်စတာ ယူနိုက်တက်အသင်းထံ ပြောင်းရွှေ့ဖို့ စိတ်ဝင်စားနေသလို မန်ချက်စတာ ယူနိုက်တက်ရဲ့ ဂိုးသမား ဖြစ်သူ ဒီဂီယာကလည်း သူ့ရဲ့ မိသားစုဝင်တွေ ရှိတဲ့ စပိန်နိုင်ငံကို ပြန်ချင်နေတာကြောင့် အော့ဘလက်နဲ့ ဒီဂီယာတို့ရဲ့ အလဲအထပ်ဟာ မကြာမီမှာ ဖြစ်လာနိုင်ကြောင်း စပိန်နိုင်ငံရဲ့ အပြောင်းအရွှေ့ ကျွမ်းကျင်သူတွေက သုံးသပ်ထားကြပါတယ်။