မန်ယူအသင်းရဲ့ နည်းပြ ဆိုးလ်ရှားကတော့ ယနေ့ည (၁၁း၃၀) အချိန်မှာ ကစားရမယ့် ရှက်ဖီးလ်အသင်းနဲ့ ပွဲစဉ်မတိုင်ခင် ဝန်ခံမှု တစ်ခုကို ပြုလုပ်သွားခဲ့ပြီး လက်ရှိ မန်ယူအသင်းအနေနဲ့ ပရီးမီးယားလိဂ် ဆုဖလားကို စိန်ခေါ်ဖို့ အဆင်သင့် မဖြစ်သေးပါဘူးလို့ ပြောကြားခဲ့တာ ဖြစ်ပါတယ်။ မန်ယူအသင်းဟာ ပရီးမီးယားလိဂ် ပြိုင်ပွဲကို ကိုရိုနာ ဗိုင်းရပ် ရောဂါကြောင့် မရပ်နားရသေးခင်မှာ (၁၁) ပွဲဆက် ရှုံးပွဲမရှိခဲ့တာ ဖြစ်ပြီး ပြည်တွင်း အက်ဖ်အေဖလား ပြိုင်ပွဲမှာ ကွာတားဖိုင်နယ်  နဲ့ ယူရိုပါလိဂ် ပြိုင်ပွဲမှာ (၁၆) သင်းအဆင့်အထိကို တက်လှမ်းထားနိုင်ခဲ့ပြီးသားပဲ ဖြစ်ပါတယ်။

Photo Credit: Goal

နည်းပြ ဆိုးလ်ရှားရဲ့ မန်ယူအသင်းဟာ ကိုရိုနာ ဗိုင်းရပ် ရောဂါကြောင့် ရပ်နားရတဲ့ ပရီးမီးယား လိဂ် ပြိုင်ပွဲ ပြန်စတဲ့ အချိန်မှာလည်း စပါးအသင်းနဲ့ ကစားခဲ့တဲ့ ပွဲစဉ်မှာ သရေကျခဲ့တာကြောင့် ရှုံးပွဲ မရှိ စံချိန်ကို ဆက်လက် ထိန်းထားနိုင်ခဲ့ပြီး ပုံစံကောင်းကို ဆက်လက် ပြသနိုင်ခဲ့ပါတယ်။ မန်ယူ နည်းပြ ဆိုးလ်ရှားဟာ လက်ရှိ မန်ယူ ကစားသမားတွေနဲ့ ပျော်ရွင်ပေမဲ့ ပရီးမီးယားလိဂ် ဆုဖလားကို စိန်ခေါ်ဖို့ အဆင်သင့် မဖြစ်သေးဘူးလို့ ပြောခဲ့ပြီး အသင်းကို ပို ကောင်းအောင်စွမ်းအောင်ပေးနိုင်တဲ့ ကစးသမား ရှိရင် ခေါ်ယူရမယ်လို့လည်း ပြောကြားသွားခဲ့တာ ဖြစ်ပါတယ်။

Photo Credit: Goal

နည်းပြ ဆိုးလ်ရှားက “ကျွန်တော်တို့ ပြီးခဲ့တဲ့ ရာသီမှာ တိုးတတ်လာခဲ့တယ်။ လက်ရှိအချိန်မှာ ရှုံးပွဲမရှိ (၁၁) ပွဲ ကစားထားတယ်လို့ ကျွန်တော် ထင်တယ်။ နောက်ပြီး ပေါ့ဘာ နဲ့ ရက်ချ်ဖို့ဒ်က ပြန်ကစားလာနိုင်ကြတယ်။ မန်ယူအသင်းက ဆုဖလား ရဖို့ မဝေးတော့ဘူးလို့ ထင်ကြပါလိမ့်မယ်။ ကျွန်တော် လက်ရှိ ကစားသမားတွေနဲ့ အလွန် ပျော်ရွင်ပါတယ်။ တကယ်လို့ ကျွန်ေတော်တို့ရဲ့ အသင်းကို ပိုကောင်းစေနိုင်တဲ့ ကစားသမား ရှိမယ် ဆိုရင် ကျွန်တော်တို့ ပိုက်ဆံ သုံးရလိမ့်မယ်။ ဒါပေမယ့် လက်ရှိအသင်းက ကောင်းပြီး လမ်းကြောင်းမှန်ပေါ်မှာ သွားနေတယ်။ ကျွန်တော်တို့ အနေနဲ့ ကျွန်တော်တို့ ဖြစ်ချင်တဲ့ နေရာကို မရောက်သေးပါဘူး။ ပရီးမီးယားလိဂ် ဆုဖလားကို စိန်ခေါ်နိုင်ဖို့ အဆင်သင့် မဖြစ်သေးပါဘူး။ ဒါပေမယ့် တစ်ဆင့်ချင်း သွားမှာပါ”လို့ ပြောပါတယ်။