ပရီးမီးယားလိဂ်ရဲ့ နာမည်ကြီးအသင်း ဖြစ်တဲ့ မန်ယူအသင်းဟာ သူတို့အသင်းရဲ့ ဝါရင့် ကွင်းလယ် ခံစစ် ကစားသမား ဖြစ်တဲ့ ဆားဘီးယား နိုင်ငံသား နီမန်ဂျာ မာတစ်ကို အသင်းမှာ ဆက်လက် ရှိနေစေဖို့အတွက် စာချုပ်သစ်တစ်ခု ချုပ်ဆိုနိုင်ခဲ့ပြီလို့ ခိုင်လုံတဲ့ သတင်းရင်းမြစ်တွေက ဖော်ပြသွားခဲ့ပါတယ်။ အသက်၃၁နှစ် ရှိပြီ ဖြစ်တဲ့ ကွင်းလယ် ခံစစ် ကစားသမား မာတစ် ဟာ လက်ရှိ ဘောလုံးရာသီ အစမှာ ခြေစွမ်းပြဖို့ ရုန်းကန်ခဲ့ရပြီး အသင်းကနေ ရောင်းထုတ်ခံရဖို့ ရှိနေတယ်လို့ သတင်းတွေ ထွက်ခဲ့ပေမယ့် လတ်တလောမှာ ပြသနေတဲ့ မာတစ်ရဲ့ ခြေစွမ်းကောင်းတွေ ကြောင့် မာတစ်ကို အသင်းမှာ ဆက်လက် ရှိနေစေဖို့ စာချုပ်သက်တမ်း ထပ်မံ တိုးမြှင့်ဖို့ကို လုပ်ဆောင်နေတာပါ။

Photo Credit: Daily Mail

ချယ်လ်ဆီးအသင်းကနေ မန်ယူအသင်းထံကို ပြောင်းရွှေ့လာခဲ့တဲ့ မာတစ်ဟာ မန်ယူအသင်းမှာ လက်ရှိအချိန်မှာတော့ ၂၀၂၁ခုနှစ် ဇွန်လ အထိသာ စာချုပ်သက်တမ်း ကျန်ရှိတော့တာ ဖြစ်ပြီး ထွက်ပေါ်နေတဲ့ သတင်းတွေအရ မန်ယူ အသင်းဟာ မာတစ်ကို ၂၀၂၃ ခုနှစ်အထိ ရှိမယ့် စာချုပ်ကို ကမ်းလှမ်းထားသလို မာတစ်ဘက်ကလည်း မန်ယူအသင်းရဲ့ ကမ်းလှမ်းမှုကို လက်ခံထားကြောင်း သိရပါတယ်။ နာမည်ကျော် သတင်းထောက် တစ်ဦးဖြစ်တဲ့ Di Marzio ရဲ့ ဖော်ပြချက် အရတော့ မန်ယူအသင်းနဲ့ မာတစ် တို့ရဲ့ ကြားမှာ စာချုပ်သစ် တစ်ခုကို ချုပ်ဆိုဖို့ အတွက် သဘောတူညီမှု ရရှိခဲ့ကြောင်း သိရပြီး အချက်အလက် အပြည့်အစုံကိုတော့ မကြာခင် မှာပဲ မန်ယူအသင်းရဲ့ Official Page ကနေ ကြေညာသွားဖို့ ရှိနေကြောင်း သိထားရပါတယ်။

Photo Credit: Daily Mail

အသက် ၃၁နှစ်အရွယ် မာတစ်ဟာ လက်ရှိ ဘောလုံးရာသီမှာ မန်ယူအသင်းအတွက် ပြိုင်ပွဲစုံမ​ှာ ၂၇ပွဲအထိ ပါဝင် ကစားပေးထားသူ ဖြစ်ပြီး သွင်းဂိုး တစ်ဂိုး သွင်းယူ ပေးထားနိုင်သလို ဖန်တီးမှု ၃ကြိမ်အထိ ပြုလုပ်ထားနိုင်သူပါ။ လတ်တလောမှာတော့ မာတစ်ဟာ ဖာနန်ဒက် ၊ ပေါ့ဘာတို့နဲ့ တွဲဖက်ကာ မန်ယူအသင်းရဲ့ ကွင်းလယ်ပိုင်းမှာ အပိုင်ပွဲထွက်ခွင့် တစ်နေရာစာကို ရယူထားသူ ဖြစ်ပြီး မန်ယူအသင်းနဲ့အတူ ဆုဖလားတွေ ထပ်မံ ဆွတ်ခူးသွားနိုင်ဦးမလား ဆိုတာကိုတော့ စောင့်ကြည့်သွားရမှာပါ။ ကွင်းလယ်ခံစစ် ကစားသမား တစ်ဦးအတွက် အသက် ၃၁နှစ်အရွယ်ဆိုတာဟာ အတွေ့အကြုံ အပြည့်ဝဆုံး အချိန်ဖြစ်သလို ဒဏ်ရာတွေသာ မရခဲ့ရင် ခြေစွမ်းကောင်းတွေ ထုတ်ပြနိုင်တဲ့ အသက်အရွယ် ဖြစ်တာကြောင့် မာတစ်ဟာ မန်ယူအသင်းရဲ့ ကွင်းလယ်မှာ အရေးပါတဲ့ ကစားသမားတစ်ဦး ဖြစ်လာဖွယ် ရှိနေပါတယ်။