MySport Myanmar

မန်ယူက ဟာလန်း ပြောင်းရွှေ့ဖို့ စဉ်းစားခဲ့တဲ့ အသင်းတွေထဲမှာ မပါဝင်ဘူးလို့ ဟာလန်းဖခင် ပြောဆို

အာလင်းဟာလန်းရဲ့ဖခင်ဖြစ်သူ အယ်လ်ဖီးဟာလန်းက သူရဲ့သားအနေနဲ့ ဒေါ့မွန်ကနေ ထွက်ခွာပြီး အသင်းပြောင်းရွှေ့ဖို့ စဉ်းစားခဲ့ချိန်တုန်းက သူ့သား စဉ်းစားခဲ့တဲ့ ကလပ်အသင်းတွေထဲမှာ မန်ချက်စတာယူနိုက်တက်အသင်း လုံးဝကို ပါဝင်နေခြင်း မရှိဘူးလို့ ရှင်းလင်း ပြောဆိုလိုက်ပါတယ်။

Photo Credit : The Sun

နော်ဝေဂိုးသွင်းစက် ဟာလန်းက ဒီနှစ် နွေရာသီမှာပဲ ဒေါ့မွန်ကနေ မန်ချက်စတာစီးတီးအသင်းဆီကို စာချုပ်လျော်ကြေးအတိုင်းနဲ့ ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး လက်ရှိမှာလည်း အသင်းအတွက် အကောင်းဆုံး စွမ်းဆောင်နေနိုင်ပါတယ်။ ဒါပေမယ့် ဟာလန်းက မန်စီးတီးကစားသမား မဖြစ်လာခင်မှာ သူနဲ့ တစ်နိုင်ငံတည်းသားလည်းဖြစ် သူရဲ့ဆရာဟောင်းလည်းဖြစ်တဲ့ ဆိုးလ်ရှားက ဟာလန်းကို ယူနိုက်တက်အသင်းဆီ ခေါ်ဆောင်ဖို့ ကြိုးပမ်းခဲ့ပါသေးတယ်။ ဒါပေမယ့် ဟာလန်းရဲ့ဖခင်ကတော့ သူသား ပြောင်းရွှေ့ဖို့ စိတ်ဝင်တစားရှိတဲ့ အသင်းတွေထဲမှာ ယူနိုက်တက်အသင်း မပါဝင်ဘူးလို့ ထုတ်ပြန် ပြောဆိုထားခဲ့ပါတယ်။

Photo Credit : Manchester City FC

ဟာလန်း အပြောင်းအရွှေ့နဲ့ ပတ်သတ်ပြီး သူ့ဖခင် အယ်လ်ဖီးက “ကျွန်တော်တို့စာရင်းမှာ မန်စီးတီးက အကောင်းဆုံးအသင်းပါပဲ။ ဘိုင်ယန်မြူးနစ်က နံပါတ်(၂)ပါ။ ကျွန်တော်တို့မှာ နံပါတ်(၃)က ရီးယဲလ်မက်ဒရစ်နဲ့ နံပါတ်(၄)က ပီအက်စ်ဂျီအသင်းပါ။ ကျွန်တော်တို့မှာ မန်စီးတီးအသင်းအပြင် တခြား အင်္ဂလိပ်အသင်းတွေလည်း ရှိပါသေးတယ်။ လီဗာပူးလ်နဲ့ ချယ်လ်ဆီးအသင်းတွေပါ။ နောက်ပြီး ဘာစီလိုနာလည်း ရှိပါတယ်။ ဒီအသင်းတွေက အတန်းတူတူပါပဲ” လို့ ပြောဆိုသွားခဲ့ပါတယ်။ အယ်လ်ဖီး ပြောသွားခဲ့တဲ့ အသင်း(၇)သင်းထဲမှာ ယူနိုက်တက်အသင်း ပါဝင်ခဲ့ခြင်း မရှိတဲ့အပြင် မကြာသေးခင်ကမှ ကွယ်လွန်ထားခဲ့တဲ့ ဟာလန်းရဲ့အေးဂျင့် ရွိုင်ယိုလာကလည်း သူ့ကစားသမား ပြောင်းရွှေ့သွားနိုင်တဲ့ ကလပ်အသင်းကြီး (၄)သင်းထဲမှာ ယူနိုက်တက် မပါဝင်ဘူးလို့ ပြောဆိုခဲ့ဖူးပါတယ်။ အာလင်းဟာလန်းကလည်း မန်စီးတီးအသင်းနည်းပြ ပတ်ဂွာဒီယိုလာက ကမ္ဘာ့အကောင်းဆုံး ဘောလုံးနည်းပြတစ်ဦးလို့ တင်စားသွားခဲ့ပြီး သူ့အနေနဲ့ ဘောလုံးသမားဘဝအတွင်း နည်းပြတစ်ဦးရဲ့လက်အောက်မှာ ပါဝင်ကစားချင်လို့ အသင်းပြောင်းခဲ့ခြင်း မရှိခဲ့ပေမယ့်လည်း မန်စီးတီးကတော့ ဂွာဒီယိုလာ ကိုင်တွယ်နေတဲ့ အသင်းဖြစ်နေတာကြောင့် ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်တယ်လို့ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

Exit mobile version