မန်ချက်စတာယူနိုက်တက်အသင်းရဲ့ အသင်းခေါင်းဆောင်ဟောင်းနဲ့ ညာနောက်ခံကစားသမားဟောင်းတစ်ဦးဖြစ်တဲ့ ဂယ်ရီနဖီးလ်က ယူနိုက်တက်အသင်းအနေနဲ့ ဒီနှစ်နွေစျေးကွက်တလျှောက်လုံးမှာ အသင်းနဲ့ အပြောင်းအရွှေ့သတင်းတွေ အထွက်ပေါ်ခဲ့ဆုံး ဘောလုံးသမားဖြစ်တဲ့ ဂျေဒန်ဆန်ချိုထက် ဗဟိုခံစစ်မှူးတစ်ယောက်ကိုသာ ဦးစားပေးခေါ်ယူသွားသင့်တယ်လို့ သတိပေးပြောဆိုလိုက်ပါတယ်။

Photo Credit : Manchester Evening News

ယူနိုက်တက်အသင်းဟာ မနေ့ညက ခရစ္စတယ်ပဲလေ့စ်အသင်းနဲ့ အိုးထရက်ဖိုဒ့်ကွင်းမှာ ရင်ဆိုင်ကစားခဲ့တဲ့ပွဲစဉ်အတွင်း တစ်သင်းလုံးနီးပါး စိတ်ပျက်စရာခြေစွမ်းတွေနဲ့ ကစားခဲ့သလို အသင်းရဲ့ခံစစ်မှာကလည်း မက်ဂွိုင်းယားနဲ့ လင်ဒီလော့တို့ အချိတ်အဆက်မမိခဲ့တဲ့အပြင် တစ်ဦးချင်းအမှားတွေ အားနည်းချက်တွေလည်း ဖြစ်ပေါ်ခဲ့ပါသေးတယ်။ အသင်းရဲ့စိတ်ပျက်စရာခြေစွမ်းတွေနဲ့ပတ်သက်ပြီး အသင်းသားဟောင်းနဖီးလ်က “ခင်ဗျားအနေနဲ့ ဆန်ချိုအကြောင်းကို ခင်ဗျားကြိုက်သလို ပြောဆိုနိုင်တယ်။ ဒါပေမယ့် သူတို့အနေနဲ့ ခံစစ်မှာ ပြိုင်ဘက်ကစားသမားတွေနဲ့ တစ်ယောက်ချင်း ခံကစားနိုင်မယ့် ဗဟိုခံစစ်ကစားသမားတစ်ယောက် မရသေးဘူးဆိုရင် ဒီလိဂ်ပြိုင်ပွဲရဲ့ချန်ပီယံ ဘယ်တော့မှဖြစ်လာနိုင်မှာ မဟုတ်ဘူး”

Photo Credit : Goal

“သူတို့သာ ဒီဗဟိုခံစစ်အတွဲအဖက်နဲ့သာ ဆက်ပြီးကစားနေဦးမယ်ဆိုရင် ပရီးမီးယားလိဂ််ချန်ပီယံဆုအတွက် ဘယ်လိုမှ စိန်ခေါ်နိုင်မှာ မဟုတ်ပါဘူး။ သူတို့အနေနဲ့ လျင်လျင်မြန်မြန်နဲ့ ရွေ့လျားနိုင်ပြီး ခံစစ်တစ်ခုလုံးကို လွှမ်းမိုးထားနိုင်မယ့် ဗဟိုခံစစ်ကစားသမားတစ်ယောက်ကို လိုအပ်နေတာပါ။ ဒီလို ကစားသမားကို လင်ဒီလော့ ဒါမှမဟုတ် မက်ဂွိုင်းယားနဲ့ တွဲဖက်အသုံးပြုသင့်ပါတယ်” လို့ သတိပေးပြောဆိုသွားခဲ့ပါတယ်။ ဒါ့အပြင် လင်ဒီလော့နဲ့ ပတ်သက်ပြီးတော့ကိုလည်း ဂယ်ရီနဖီးလ်က “သူက လုံလောက်တဲ့ ကြံခိုင်သန်မာမှု ရှိမနေသေးဘူး။ ၅၀-၅၀ပဲ ကစားနိုင်သေးတယ်။ သူအားနည်နေခဲ့တယ်” လို့ သတ်မှတ်ပြောဆိုခဲ့ပါတယ်။ ဒါ့အပြင် နဖီးလ်က ယူနိုက်တက်အသင်းရဲ့ ကစားသမားခေါ်ယူမှု နည်းပါးနေသေးတဲ့အပေါ်မှာလည်း မေးခွန်းထုတ်လာခဲ့ပြီး ဘာကြောင့်မို့ အသင်းရဲ့လူအင်အားကို မြင့်တင်နိုင်ဖို့အတွက် အရည်အသွေးမြင့် ကစားသမားတွေကို မခေါ်ယူရသေးတာလဲဆိုတာကို နားမလည်နိုင်အောင် ဖြစ်ရတယ်လို့ ညည်းတွားပြောဆိုခဲ့ပါတယ်။ ယူနိုက်တက်အသင်းဟာ လက်ရှိမှာ ပေါ်တိုဘယ်နောက်ခံလူ အဲလက်စ်တဲလက်စ်နဲ့ ဝက်ဖိုဒ့်တောင်ပံကစားသမား အစ္စမိုင်လာဆားလ်တို့နဲ့ အပြောင်းအရွှေ့သတင်းတွေ ထွက်ပေါ်လို့နေပါတယ်။