မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ကွင်းလယ်ကစားသမား ပေါလ်ပေါ့ဘာဟာ ဂျုဗင်တပ်စ်ကနေ ယူနိုက်တက်ကို ပြန်လည်ရောက်ရှိလာပြီးနောက်ပိုင်းကတည်းက သူရဲ့အနာဂတ်ဟာ မကြာခဏဆိုသလို လှုပ်ခတ်လျက်ရှိနေရပါတယ်။ ကစားသမားကိုယ်တိုင် ထုတ်ဖော်ပြောဆိုမှုတွေ သူရဲ့အေးဂျင့် ရွိုင်အိုလာရဲ့ ပြောဆိုမှုတွေနဲ့ သတင်းမီဒီယာတွေရဲ့ သတင်းဖွမှုတွေကြောင့် ပေါ့ဘာရဲ့ အနာဂတ်က မတည်မငြိမ်ဖြစ်ခဲ့ရသလို အခုလည်း ပေါ့ဘာရဲ့အကိုတော်စပ်သူကိုယ်တိုင်ကပါ ပေါ့ဘာနဲ့ပတ်သက်ပြီး လှုပ်ခတ်သွားစေနိုင်မယ့် စကားတွေကို ထပ်မံပြောဆိုလာခဲ့ပါတယ်။

Photo Credit : Goal

အသက်(၂၇)နှစ်အရွှယ်ရှိ ပြင်သစ်လက်ရွေးစင် ကွင်းလယ်ကစားသမား ပေါလ်ပေါ့ဘာဟာ လာမယ့် ၂၀၂၂ခုနှစ်မှာ ယူနိုက်တက်အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မှာဖြစ်ပြီး အသင်းမှာ ဆက်ရှိနေမလား အသင်းပြောင်းမလားဆိုတာ သေသေချာချာ မသိရသေးပေမယ့်လည်း ပေါ့ဘာကိုယ်တိုင်ကတော့ သူယူနိုက်တက်မှာ ပျော်ရွှင်နေတယ်လို့ မကြာသေးခင်ကမှ ထုတ်ဖော်ပြောဆိုထားခဲ့ပါတယ်။ ဒါပေမယ့် ပေါ့ဘာရဲ့အကိုဖြစ်တဲ့ မာသီးယပ်စ်ပေါ့ဘာကတော့ ယူနိုက်တက်အသင်းအနေနဲ့ ငွေကြေး(ပေါ့ဘာရဲ့ပြောင်းရွှေ့ကြေး)ကို အလိုရှိမယ်ဆိုရင် အသင်းကနေ အမြန်ရောင်းထုတ်သင့်တယ်လို့ သတိပေးပြောဆိုသွားခဲ့ပါတယ်။

Photo Credit : CaughtOffside

မာသီးယပ်စ်က “သူ ယူနိုက်တက်မှာ ပျော်ရွှင်နေပါတယ်။ သူရဲ့ကစားပုံတွေလည်း တိုးတတ်ကောင်းမွန်လာပါတယ်။ သူရဲ့စာချုပ်သက်တမ်းကတော့ တစ်နှစ်ဝန်းကျင်လောက်ပဲ ကျန်ရှိနေပါတော့တယ်။ သူ ဒီမှာပဲ ဆက်လက်ရှိနေမလားဆိုတာကိုတော့ ကျွန်တော်လည်း မသိသလို ဒါနဲ့ပတ်သက်ပြီးတော့ကိုလည်း ဘာမှပြောဆိုနိုင်မှာ မဟုတ်ပါဘူး။ ကျွန်တော် ပြောဆိုနိုင်တာတစ်ခုကတော့ ယူနိုက်တက်အသင်းအနေနဲ့ ပိုက်ဆံလိုမယ်ဆိုရင်တော့ ပေါ့ဘာကို အသင်းကနေ အလျင်အမြန် ရောင်းချလိုက်ရပါမယ်။ ဒါကိုပဲ ကျွန်တော်ပြောနိုင်ပါမယ်။ အဲ့လိုမှမလုပ်ခဲ့ဘူးဆိုရင် သူ့ကို အသင်းကနေ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ဆုံးရှုံးရပါလိမ့်မယ်။ လတ်တလောမှာ သူရဲ့စာချုပ်သစ်ကိစ္စအကြောင်းတွေကိုလည်း ကျွန်တော်မကြားမိပါဘူး” လို့ ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။ ဒီလိုပြောဆိုမှုတွေကြောင့် ပေါ့ဘာရဲ့ အနာဂတ်က ထပ်ပြီးမတည်မငြိမ် ဖြစ်လာနိုင်ပေမယ့်လည်း ယူနိုက်တက်ဘက်ကတော့ ပေါ့ဘာကို အသင်းမှာပဲ ဆက်ထိန်းသွားနိုင်အောင် ကြိုးပမ်းနေဦးမှာဖြစ်ပြီး ကြိုးပမ်းမှုတွေ အဆင်မပြေလာခဲ့မှသာ အသင်းကနေ ရောင်းထုတ်သွားမှာဖြစ်ပါတယ်။ မနေ့ညက ဆောက်သမ်တန်ကို (၉)ဂိုးပြတ်နဲ့ပွဲမှာ အသင်းအတွက် ပါဝင်ကစားခဲ့ရခြင်းမရှိတဲ့ ပေါ့ဘာဟာ အဲဗာတန်အသင်းနဲ့ ပွဲစဉ်မှာတော့ အသင်းရဲ့ပွဲထွက်လူစာရင်းအတွင်း ပါဝင်လာဖွယ် ရှိနေပါတယ်။