ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်က လက်ရှိ အင်္ဂလန် ပရီးမီးယားလိဂ်ရဲ့ တန်ဖိုးအရှိဆုံးအသင်း အဖြစ် သတ်မှတ်ခံလိုက်ရကြောင်း နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Daily Mail သတင်းဌာနက အခိုင်အမာ ဖော်ပြသွားခဲ့ပါတယ်။

ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့ အအောင်မြင်ဆုံးအသင်း အဖြစ် သတ်မှတ်ခံထားရတဲ့ မန်ချက်စတာ ယူနိုက်တက်က ဂန္တဝင် နည်းပြကြီး ဆာအဲလက်စ် ဖာဂူဆန် မရှိတော့တဲ့နောက် ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ နောက်ထပ်တကြိမ် ချန်ပီယံ ထပ်မဖြစ်တော့သလို ဆုဖလား များစွာလည်း ရယူနိုင်ခြင်း မရှိတော့ပေမယ့် သူတို့အသင်းရဲ့ ကျော်ကြားမှုနဲ့ ပရိသတ်အင်အားက မကျဆင်းသေးပါဘူး။

Photo Credit: The Sun

မန်ချက်စတာ ယူနိုက်တက်က ကွင်းတွင်း အောင်မြင်မှုတွေ ရယူနိုင်ဖို့ ရုန်းကန်နေရပေမယ့် သူတို့အသင်းရဲ့ ရှယ်ယာတန်ဖိုးက တနေ့တခြား ပိုပို မြင့်မားလာခဲ့သလို ကမ္ဘာတဝှမ်းမှာလည်း မန်ချက်စတာ ယူနိုက်တက်ကို အားပေးတဲ့ ပရိသတ်တွေက အတော်လေးကို များပြားပြီး စစ်တမ်းတွေအရ မန်ချက်စတာ ယူနိုက်တက်ဟာ ကမ္ဘာပေါ်မှာ ပရိသတ် အားပေးမှု အများဆုံးနဲ့ အာရုံစိုက်ခံရမှု အများဆုံး ဘောလုံးအသင်း ဖြစ်ကြောင်းလည်း သိရပါတယ်။

ပရိသတ်အင်အား များပြားမှုကြောင့်ပဲ မန်ချက်စတာ ယူနိုက်တက်ရဲ့ ပုံရိပ်က မကျဆင်းသွားသလို မန်ချက်စတာ ယူနိုက်တက်ဟာ ဆုဖလားတွေ မရတော့ပေမယ့် ရီးရဲလ်မက်ဒရစ် ၊ ဘာစီလိုနာတို့နဲ့ ရင်ဘောင်တန်းကာ ကမ္ဘာပေါ်မှာ တန်ဖိုးအရှိဆုံး ကလပ်အသင်း ၃သင်းထဲက တသင်း အဖြစ် ရပ်တည်နေဆဲ ဖြစ်ပါတယ်။

Photo Credit: The Sun

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Daily Mail သတင်းဌာနရဲ့ ဖော်ပြချက်အရ မန်ချက်စတာ ယူနိုက်တက်က သူရဲ့ မြို့ခံပြိုင်ဘက် မန်ချက်စတာ စီးတီး ၊ ခါးသီးပြိုင်ဘက် လီဗာပူးနဲ့ အစဉ်အလာပြိုင်ဘက်တွေ ဖြစ်တဲ့ ချယ်လ်ဆီး ၊ အာဆင်နယ်တို့ကို ကျော်ဖြတ်ကာ ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့ တန်ဖိုးအမြင့်ဆုံးအသင်း အဖြစ် ရပ်တည်နေနိုင်ပြီး မန်ချက်စတာ ယူနိုက်တက်ရဲ့ တန်ကြေးက ပေါင် ၄.၈ ဘီလီယံ အထိ ရှိကြောင်း သိရပါတယ်။

မန်ချက်စတာ ယူနိုက်တက်ရဲ့ နောက်မှာတော့ လီဗာပူးက တန်ကြေး ပေါင် ၃.၈ ဘီလီယံနဲ့ ဒုတိယမြောက် တန်ကြေးအမြင့်ဆုံးအသင်း အဖြစ် ရပ်တည်နိုင်ခဲ့ပြီး မန်ချက်စတာ စီးတီးက တန်ကြေး ပေါင် ၃.၅ ဘီလီယံ ၊ အာဆင်နယ်က ပေါင် ၂.၉ ဘီလီယံ ၊ ချယ်လ်ဆီးက ပေါင် ၂.၈ ဘီလီယံတို့နဲ့ တတိယ ၊ စတုတ္ထနဲ့ ပဥ္စမမြောက် တန်ကြေးအမြင့်ဆုံး အသင်းတွေ အဖြစ် အစဉ်လိုက် ရပ်တည်နေကြောင်းလည်း သိရှိရပါတယ်။