၂၀၂ဝခုနှစ်ဟာ ကိုရိုနာဗိုင်းရပ်စ်လို့ အမည်ရတဲ့ ကူးစက်တတ်တဲ့ ဗိုင်းရပ်စ်ပိုးကြီးရဲ့ ဒုက္ခပေးမှုတွေကြောင့် နယ်ပယ်ပေါင်းစုံမှာ စီးပွာရေးကျဆင်းမှုတွေနဲ့ ရင်ဆိုင်ခံစားခဲ့ရသလို ဘောလုံးနယ်ပယ်အတွင်းမှာလည်း ကလပ်အသင်းတိုင်းလိုလိုက အသင်းရဲ့ ဘဏ္ဍာရေးအခြေအတွေ ယိမ်းယိုင်လာမဲ့တွေနဲ့ ကြုံတွေ့နေရပါတယ်။ ဒီလိုဖြစ်နေကြပေမယ့်လည်း ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့ တန်ဖိုးအမြင့်မားဆုံး ကလပ်အသင်းတွေရဲ့ ထိပ်ဆုံးနေရာကိုတော့ မန်ချက်စတာယူနိုက်တက်အသင်းကပဲ ဆက်လက်မင်းမူလို့နေခဲ့ပြီး လက်ရှိပရီးမီးယားလိဂ်ရဲ့ချန်ပီယံ လီဗာပူးလ်ကတော့ ဒုတိယနေရာမှာသာ ရပ်တည်လို့နေခဲ့ပါတယ်။

Photo Credit : Sky Sports

Safe Betting Sites ဝက်ဆိုဒ်ရဲ့ လေ့လာဖော်ပြချက်များအရ ယူနိုက်တက်အသင်းဟာ စုစုပေါင်းတန်ဖိုး ပေါင်(၁.၀၇)ဘီလီယံနဲ့ ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့ တန်ဖိုးအကြီးဆုံး ကလပ်အသင်းအဖြစ် ရွေးချယ်သတ်မှတ်ခံလိုက်ရတာဖြစ်ပြီး ပရီးမီးယားလိဂ်ရဲ့ လက်ရှိချန်ပီယံလည်းဖြစ်သလို လက်ရှိမှာလည်း အမှတ်ပေးဇယားထိပ်ဆုံးမှာ ရပ်တည်နေတဲ့ လီဗာပူးလ်အသင်းကတော့ စုစုပေါင်းတန်ဖိုး ပေါင်(၁.၀၂)ဘီလီယံနဲ့ ပရီးမီးယားလိဂ်ရဲ့ ဒုတိယမြောက် တန်ဖိုးအကြီးဆုံးအသင်း ဖြစ်လို့နေပါတယ်။ ထူးခြားတာတစ်ခုကတော့ စပါးအသင်းဟာ သူတို့ရဲ့ မြောက်လန်ဒန် မြို့ခံပြိုင်ဘက် အာဆင်နယ်အသင်းရဲ့အထက်မှာ ပထမဆုံးအကြိမ်အဖြစ် ရပ်တည်နိုင်ခဲ့တာပါပဲ။

Photo Credit : Hotspur HQ

အာဆင်နယ်အသင်းဟာ အရင်လိုပုံစံမျိုးနဲ့ အောင်မြင်မှုတွေကို သိမ်းကျုံးရယူနိုင်ခြင်း မရှိတော့ပေမယ့်လည်း နှစ်တိုင်းလိုလိုတော့ ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့ တန်ဖိုးအမြင့်မားဆုံးစာရင်းအတွင်း စပါးရဲ့အထက်မှာ အမြဲတမ်းရပ်တည်နိုင်ခဲ့တာဖြစ်ပါတယ်။ ဒီနှစ်မှာတော့ စပါးအသင်းက အာဆင်နယ်အသင်းရဲ့အထက် အဆင့်(၅)နေရာမှာ စုစုပေါင်းတန်ဖိုး ပေါင်(၆၃၅)သန်းနဲ့ ရပ်တည်နိုင်ခဲ့ပြီး အာဆင်နယ်ကတော့ ပေါင်(၅၈၃)သန်းနဲ့ အဆင့်(၆)နေရာမှာသာ ရပ်တည်ခဲ့ပါတယ်။ ယခင်နှစ်တွေက ဒုတိယနေရာကို သိမ်းပိုက်နိုင်ခဲ့တဲ့ မန်စီးတီးအသင်းကတော့ ဒီနှစ်မှာ တတိယနေရာကိုသာ ပိုင်ဆိုင်ခဲ့ရပြီး ဒါဟာ ၂၀၁ရခုနှစ်နောက်ပိုင်း တန်ဖိုးအမြင့်မားဆုံး ကလပ်အသင်းတွေရဲ့စာရင်းအတွင်း မန်စီးတီးအသင်းရဲ့ အနိမ့်ဆုံး အဆင့်ရပ်တည်မှုလည်း ဖြစ်ခဲ့ရပါတယ်။ ဒီရာသီမှာ ကစားသမားသစ်တွေများစွာကို ခေါ်ယူအားဖြည့်ထားခဲ့တဲ့ ဖရန့်လမ်းပတ်ရဲ့ ချယ်လ်ဆီးအသင်းကတော့ စုစုပေါင်းတန်ဖိုး ပေါင်(၇၆၉)သန်းနဲ့ စတုတ္ထနေရာမှာ ရပ်တည်နေခဲ့ရပါတယ်။ ၂၀၁၁-၂၀၁၂ ဘောလုံးရာသီကနေ လက်ရှိဘောလုံးအထိ အသားတင် အသုံးစရိတ်အမြင့်မားဆုံးသော ပရီးမီးယားလိဂ် ကလပ်အသင်းတွေရဲ့စာရင်းမှာလည်း မန်ချက်စတာနှစ်သင်းကပဲ ဦးဆောင်နေပြီး မန်စီးတီးက ပေါင်(၈၆၇.၃)သန်းနဲ့ ပထမ ယူနိုက်တက်က ပေါင်(၈၁၄.၈)သန်းနဲ့ ဒုတိယနေရာတို့မှာ အသီးသီးရပ်တည်နေပါတယ်။