ပရီးမီးယားလိဂ် နာမည်ကြီး အသင်းတစ်သင်း ဖြစ်တဲ့ မန်ယူအသင်းဟာ ဂျာမန် အင်အားကြီး အသင်းဖြစ်တဲ့ ဘိုင်ယန်မြူးနစ် အသင်းရဲ့ ခံစစ် ကစားသမား နှစ်ဦးဖြစ်တဲ့ အလာဘာနဲ့ ဘိုတန် ၊ လာလီဂါ အင်အားကြီး အသင်းတစ်သင်း ဖြစ်တဲ့ ဘာစီလိုနာ အသင်းရဲ့ နာမည်ကြီး တိုက်စစ်မှူး မက်ဆီတို့ကို လာမယ့် နွေရာသီ အပြောင်းအရွှေ့ ဈေးကွက် အတွင်းမှာ အလွတ် ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူဖို့ ချဉ်းကပ် နေကြောင်း မန်ချက်စတာမြို့ အခြေစိုက် သတင်းဌာနတွေက ဖော်ပြ သွားကြပါတယ်။ အလာဘာ ၊ ဘိုတန်နဲ့ မက်ဆီ တို့ သုံးဦးစလုံးဟာ လက်ရှိမှာ သက်ဆိုင်ရာ အသင်းတွေနဲ့ စာချုပ်သက်တမ်း နောက်ဆုံးနှစ်ထဲမှာ ရောက်ရှိနေကြသူတွေ ဖြစ်ပြီး အသင်းနဲ့ စာချုပ်သစ် ချုပ်ဆိုဖို့ အဆင်မပြေခဲ့ပါက လာမယ့် ဇန်နဝါရီ အပြောင်းအရွှေ့မှာပဲ အသင်းသစ်တွေနဲ့ အတူ အကြို သဘောတူညီမှု စာချုပ် ချုပ်ဆိုနိုင်တော့မယ့် ကစားသမားတွေပဲ ဖြစ်ပါတယ်။

Photo Credit: Express

မန်ချက်စတာ ညနေခင်း သတင်းဌာနရဲ့ ဖော်ပြချက် အရတော့ မန်ယူအသင်းဟာ ပြီးခဲ့တဲ့ နွေဈေးကွက် အတွင်းမှာ ပီအက်စ်ဂျီ အသင်းရဲ့ တိုက်စစ်မှူးဟောင်း ကာဗာနီကို အလွတ် ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူ အပြီးမှာ အလွတ်‌ ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူနိုင်မယ့် ကစားသမားတွေကို ပိုမို စောင့်ကြည့်လာခဲ့ပြီး လက်ရှိမှာ မက်ဆီ ၊ အလာဘာနဲ့ ဘိုတန်တို့ဟာ သူတို့အသင်းရဲ့ ထိပ်တန်း ပစ်မှတ် ကစားသမားတွေ ဖြစ်ကြောင်း သိရပါတယ်။ မန်ယူအသင်းဟာ လက်ရှိမှာ ခံစစ်ပိုင်း ပြဿနာ အနည်းငယ် ရှိနေတဲ့ အသင်း တစ်သင်းဖြစ်တာကြောင့် လက်ရှိ ချန်ပီယံလိဂ် ပိုင်ရှင်ဖြစ်တဲ့ ဘိုင်ယန်မြူးနစ် အသင်းရဲ့ အဓိက ခံစစ်မှူး နှစ်ဦးဖြစ်တဲ့ ဘိုတန်နဲ့ အလာဘာတို့ဟာ သူတို့အသင်းရဲ့ ပစ်မှတ် ကစားသမားတွေ ဖြစ်ကြောင်း ဂျာမန် အခြေစိုက် နာမည်ကြီး သတင်းဌာနတွေက ဆိုပါတယ်။

Photo Credit: Express

ဒါ့အပြင် မန်ယူအသင်းဟာ လာမယ့် နွေဈေးကွက် အတွင်းမှာ ဘာစီလိုနာ အသင်းကနေ ထွက်ခွာမယ် လို့ ကျယ်ပြန့်စွာ သတင်းတွေ ထွက်ပေါ်နေတဲ့ မက်ဆီကိုလည်း ချဉ်းကပ်မှုတွေ ပြုလုပ်နေပြီး မန်ချက်စတာ ညနေခင်း သတင်းဌာနရဲ့ အဆိုအရ မန်ယူအသင်းဟာ မက်ဆီရဲ့ ဖခင်ဖြစ်သူ ဂျော့စ်မက်ဆီနဲ့ ဆက်သွယ် နေတဲ့ ကလပ်အသင်း တချို့ထဲမှာ ပါဝင်နေကြောင်း သိရှိရပါတယ်။ ဒါပေမယ့် လက်ရှိမှာ မက်ဆီနဲ့ အလာဘာတို့ကို ခေါ်ယူဖို့ အတွက် ဉရောပ နာမည်ကြီး အသင်းတွေ ဖြစ်တဲ့ ရီးရဲလ်မက်ဒရစ် ၊ ဂျူဗင်တပ် ၊ ပီအက်စ်ဂျီ ၊ ဘာစီလိုနာ ၊ မန်စီးတီး စတဲ့ အသင်းတွေက ကြိုးစား နေတာကြောင့် မန်ယူအသင်း အနေနဲ့ မက်ဆီနဲ့ အလာဘာတို့ကို ခေါ်ယူနိုင်ချေ နည်းပါးပြီး မန်ယူအသင်းဟာ ဘိုတန်ကိုသာ အလွတ် ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူနိုင်ဖွယ် ရှိပါတယ်။