ပရီးမီးယားလိဂ် နာမည်ကြီး အသင်းတစ်သင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ သူတို့အသင်းရဲ့ ဝါရင့် ကွင်းလယ် ကစားသမား မာတာကို လာမယ့် နွေရာသီ အပြောင်းအရွှေ့မှာ ရောင်းချကာ အီတလီ စီးရီးအေ ကလပ် အေစီမီလန်အသင်း က‌နေ အလွတ် ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာဖို့ နီးစပ်နေတဲ့ ကတ်ဟာနိုဂလူးကို ခေါ်ယူမှာ ဖြစ်ကြောင်း နာမည်ကြီး ဂျာမန် အခြေစိုက် သတင်းဌာနတွေက ဖော်ပြ သွားခဲ့ပါတယ်။ အသက် ၂၆နှစ် အရွယ် တူရကီ ကွင်းလယ်လူ ကတ်ဟာနိုဂလူးဟာ အေစီမီလန် အသင်းရဲ့ အဓိက ကစားသမားတွေထဲက တစ်ဦး ဖြစ်ပေမယ့် လက်ရှိ ဘောလုံးရာသီမှာ အေစီမီလန် အသင်းနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်သက်တမ်း ကုန်ဆုံးမယ့် ကစားသမား ဖြစ်ပြီး စာချုပ်သစ် ချုပ်ဆိုခြင်း မရှိပါက ရာသီကုန်မှာ အလွတ် ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာနိုင်မယ့်သူပါ။

Photo Credit: Bild

ကတ်ဟာနိုဂလူးနဲ့ အေစီမီလန်တို့ ချုပ်ဆိုထားတဲ့ စာချုပ်သက်တမ်းဟာ လက်ရှိမှာ ၇လစွန်းစွန်းသာ ကျန်ရှိတော့တာကြောင့် လာမယ့် ဇန်နဝါရီ အပြောင်းအရွှေ့ မတိုင်မီ အေစီမီလန် အသင်း အနေနဲ့ ကတ်ဟာနိုဂလူးကို စာချုပ်သစ် ချုပ်ဆိုနိုင်ခြင်း မရှိပါက ကတ်ဟာနိုဂလူးဟာ လာမယ့် ဇန်နဝါရီလ ၁ရက်နေ့မှ စတင်ကာ အသင်းသစ် တစ်သင်းထံ ပြောင်းရွှေ့ဖို့ အကြို သဘောတူညီမှု စာချုပ် ချုပ်ဆို နိုင်မှာလည်း ဖြစ်ပါတယ်။ အီတလီ အခြေစိုက် သတင်းဌာနတွေရဲ့ ဖော်ပြချက် အရတော့ အေစီမီလန် အသင်းဟာ လက်ရှိမှာ ကတ်ဟာနိုဂလူးကို စာချုပ်သစ် ချုပ်ဆိုနိုင်ဖို့ ကမ်းလှမ်းမှုတွေ ရှိနေပေမယ့် အေစီမီလန် အသင်းဟာ ကတ်ဟာနိုဂလူး တောင်းဆိုထားတဲ့ တစ်နှစ်လုပ်ခ ယူရို ၆သန်း ဝန်းကျင်ကို ပေးချေလိုခြင်း မရှိပဲ တစ်နှစ်လုပ်ခ ယူရို ၃သန်း ဝန်းကျင်သာ ပေးချေချင်နေကြောင်း သိရပါတယ်။

Photo Credit: Bild

ကတ်ဟာနိုဂလူးရဲ့ အေးဂျင့်ဖြစ်သူ ကတော့ မကြာခင်က ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ အေစီမီလန် အသင်းအနေနဲ့ သူ့ရဲ့ ကစားသမား လိုချင်တဲ့ လုပ်ခလစာကို ပေးချေလိုခြင်း မရှိပါက သူ့ရဲ့ ကစားသမားကို အသင်းမှာ ဆက်ပြီး ထိန်းထားနိုင်မှာ မဟုတ်ကြောင်း ဆိုထားပါတယ်။ လက်ရှိမှာတော့ ကတ်ဟာနိုဂလူး ကို ခေါ်ယူဖို့ ဥရောပ ထိပ်သီး အသင်းကြီး အများစုက စောင့်ကြည့် နေပေမယ့် ဂျာမဏီနိုင်ငံရဲ့ နာမည် အကြီးဆုံး သတင်းထောက် ဖြစ်တဲ့ Falk ကတော့ ကတ်ဟာနိုဂလူးဟာ မန်ချက်စတာ ယူနိုက်တက် အသင်းထံ ပြောင်းရွှေ့ဖို့ နီးစပ်နေကြောင်း ပြောကြား သွားခဲ့ပါတယ်။ မန်ချက်စတာ ယူနိုက်တက် အသင်းနဲ့ နီးစပ်သူတွေရဲ့ အဆိုအရ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ အသင်းရဲ့ ဝါရင့် ကွင်းလယ်လူ မာတာကို လာမယ့် နွေရာသီ အပြောင်းအရွှေ့မှာ အသင်းကနေ ထွက်ခွာခွင့် ပေးကာ ကတ်ဟာနိုဂလူးကို ခေါ်ယူဖို့ စဉ်းစားနေကြောင်း ဖွင့်ဟ ထားကြပါတယ်။