MySport Myanmar

မာရှယ်ကို အလိုက်ပေးပြီး ဟယ်ရီကိန်းကို ကမ်းလှမ်းဖို့ စီစဉ်နေတဲ့ မန်ယူအသင်း

ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်ဟာ လာမယ့် နွေရာသီ အပြောင်းအရွှေ့မှာ သူတို့အသင်းရဲ့ တိုက်စစ်ပိုင်းကို အင်အားဖြည့်တင်းနိုင်ဖို့ အတွက် စပါးရဲ့ အဓိက တိုက်စစ်မှူး ဟယ်ရီကိန်းကို နံပါတ်တစ် ပစ်မှတ် အဖြစ် သတ်မှတ်ထားကာ မကြာခင်မှာပဲ ဟယ်ရီကိန်း အတွက် တရားဝင် ကမ်းလှမ်းမှုတွေကို စတင် ပြုလုပ်တော့မယ်လို့ ဥရောပ အခြေစိုက် သတင်းဌာနတွေက ဖော်ပြသွားကြပါတယ်။

မန်ချက်စတာ ယူနိုက်တက်ဟာ ရိုနယ်ဒို ၊ ကာဗာနီ ၊ မာရှယ် ၊ ရက်ဖို့ဒ် စတဲ့ တိုက်စစ်မှူးတွေကို ပိုင်ဆိုင်ထားပေမယ့် ကာဗာနီက အသင်းကနေ ထွက်ခွာဖို့ ဆုံးဖြတ်ထားသလို မာရှယ် ၊ ရက်ဖို့ဒ် စတဲ့ ကစားသမားတွေရဲ့ အနာဂတ်ကလည်း မရေရာတာကြောင့် တိုက်စစ်ပိုင်း အတွက် အားကိုးရမယ့် ထိပ်တန်း တိုက်စစ်မှူး တဦးကို ခေါ်ယူချင်နေတာပဲ ဖြစ်ပါတယ်။

Photo Credit: Football London

လက်ရှိမှာတော့ မန်ချက်စတာ ယူနိုက်တက်ဟာ ဘင်ဖီကာ တိုက်စစ်မှူး နူနက်ဇ် ၊ နာပိုလီ တိုက်စစ်မှူး အိုဆီမန်တို့နဲ့ အပြောင်းအရွှေ့ သတင်းတွေ ထွက်ပေါ်နေပေမယ့် သူတို့အသင်းရဲ့ နံပါတ်တစ် ပစ်မှတ်က‌ အင်္ဂလန် လက်ရွေးစင် တိုက်စစ်မှူး ဟယ်ရီကိန်း ဖြစ်ပြီး မန်ချက်စတာ ယူနိုက်တက်ရဲ့ တာဝန်ရှိသူ တချို့ဟာ ဟယ်ရီကိန်းကို ခေါ်ယူနိုင်ဖို့ စတင် လှုပ်ရှားနေကြကြောင်း မန်ချက်စတာ ညနေခင်း သတင်းဌာနက ဆိုပါတယ်။

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ ESPN သတင်းဌာနရဲ့ ဖော်ပြချက်အရ မန်ချက်စတာ ယူနိုက်တက်ဟာ လာမယ့် နွေရာသီ အပြောင်းအရွှေ့မှာ ဟယ်ရီကိန်း အတွက် တရားဝင် ကမ်းလှမ်းမှု တခု ကျိန်းသေပေါက် ပြုလုပ်သွားမှာ ဖြစ်ပြီး ဟယ်ရီကိန်းကို ခေါ်ယူရာမှာ အသင်းရဲ့ တိုက်စစ်မှူး တဦး ဖြစ်သူ မာရှယ်ကိုလည်း အလိုက်ပေး ကမ်းလှမ်းဖို့ စီစဉ်နေကြောင်း သိရပါတယ်။

Photo Credit: Football London

စပါးအသင်းကတော့ သူတို့ရဲ့ အဓိက တိုက်စစ်မှူး ဟယ်ရီကိန်းကို ပြောင်းရွှေ့ကြေး ပေါင် ၁၅၀သန်း မရရင် မရောင်းချဘူးလို့ သတင်းလွှင့်ထားပေမယ့် မန်ချက်စတာ ယူနိုက်တက်က ဟယ်ရီကိန်း အတွက် မာရှယ် + ပြောင်းရွှေ့ကြေး ပေါင် ၈၀သန်း ဝန်းကျင်နဲ့ ကမ်းလှမ်းမယ် ဆိုရင်တော့ ကမ်းလှမ်းမှုကို လက်ခံဖွယ် ရှိကြောင်း အပြောင်းအရွှေ့ ကျွမ်းကျင်သူတွေက သုံးသပ်ထားကြပါတယ်။

Exit mobile version