ပရီးမီးယားလိဂ် အင်အားကြီးအသင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်အသင်းဟာ သူတို့အသင်းရဲ့ ကာလရှည် ပစ်မှတ် ကစားသမား တဦး ဖြစ်တဲ့ ဂျာမန် ဘွန်ဒက်လီဂါကလပ် ဒေါ့မွန်အသင်းရဲ့ အင်္ဂလန် လူငယ် တောင်ပံကစားသမား ဆန်ချိုအတွက် ဒုတိယမြောက် တရားဝင် ကမ်းလှမ်းမှု တခုကို ပြုလုပ်ခဲ့ကြောင်း ဥရောပ အခြေစိုက် သတင်းဌာနတွေက အခိုင်အမာ ဖော်ပြသွားကြပါတယ်။ အသက် ၂၁နှစ် အရွယ် အင်္ဂလန် လူငယ် တောင်ပံကစားသမား ဖြစ်သူ ဆန်ချိုကို ခေါ်ယူဖို့ မန်ချက်စတာ ယူနိုက်တက်အသင်းဟာ အပြောင်းအရွှေ့ရာသီ နှစ်ရာသီဆက် ကြိုးစားခဲ့တာ ဖြစ်ကာ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ဆန်ချိုအတွက် ဒေါ့မွန်အသင်းက တောင်းဆိုတဲ့ ပြောင်းရွှေ့ကြေး ယူရို ၁၂၀သန်းကို ပေးချေဖို့ ငြင်းဆန်ခဲ့တာကြောင့် အပြောင်းအရွှေ့ ပျက်ပြယ်ခဲ့ရပေမယ့် ယခုနှစ် နွေရာသီ အပြောင်းအရွှေ့မှာတော့ ဆန်ချိုကို ခေါ်ယူနိုင်ဖို့ နီးစပ်နေပါတယ်။

Photo Credit: Express

မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ယခုနှစ် နွေရာသီ အပြောင်းအရွှေ့မှာ ဆန်ချိုကို အပြီးသတ် ခေါ်ယူနိုင်ဖို့ မျှော်လင့်နေသလို ဆန်ချိုကလည်း မန်ချက်စတာ ယူနိုက်တက်အသင်းထံ ပြောင်းရွှေ့ဖို့ ပုဂ္ဂိုလ်ရေးအရ သဘောတူညီမှု ရယူထားနိုင်ပါတယ်။ တဖက်မှာလည်း ဒေါ့မွန်အသင်းဟာ ယခုနှစ် နွေရာသီ အပြောင်းအရွှေ့မှာ ဆန်ချိုကို ရောင်းချပြီး အသင်းရဲ့ အမြတ်ငွေကို မြှင့်တင်ဖို့ ဆုံးဖြတ်ထားတာကြောင့် ဆန်ချိုရဲ့ အပြောင်းအရွှေ့ဟာ ယခုနှစ် နွေရာသီမှာပဲ ဖြစ်ပေါ်လာဖို့ အလားအလာ များပြားနေပါတယ်။ ဒါပေမယ့် မန်ချက်စတာ ယူနိုက်တက်အသင်းနဲ့ ဒေါ့မွန်အသင်းတို့ရဲ့ ကြားမှာ ဆန်ချိုအတွက် ပြောင်းရွှေ့ကြေးနဲ့ ပတ်သတ်ပြီး သဘောတူညီမှု မရရှိသေးပဲ မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ ယူရို ၈၀သန်းတန် ကမ်းလှမ်းမှုကို ဒေါ့မွန်အသင်းက ပယ်ချထားပါတယ်။

Photo Credit: Express

 

ဒေါ့မွန်အသင်းဟာ ဆန်ချိုအတွက် ကနဦး ပြောင်းရွှေ့ကြေး + အပိုဆုကြေး စုစုပေါင်း ယူရို ၁၀၀သန်း အထိ လိုချင်နေပြီး လက်ရှိမှာတော့ မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ဆန်ချိုအတွက် ဒုတိယမြောက် တရားဝင် ကမ်းလှမ်းမှုကို ပြုလုပ်ခဲ့ပြီး နှစ်သင်းကြားမှာ သဘောတူညီမှု ရရှိဖို့ အလွန်အမင်း နီးစပ်နေကြောင်း သိရပါတယ်။ နာမည်ကြီး သတင်းထောက် တဦး ဖြစ်သူ ဖာဘရီဇီယို ရိုမာနိုရဲ့ အဆိုအရ မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ဆန်ချိုအတွက် ဒုတိယမြောက် ကမ်းလှမ်းမှုအဖြစ် ကနဦး ပြောင်းရွှေ့ကြေး ယူရို ၈၅သန်း + အပိုဆုကြေး ယူရို ၁၀သန်း ဝန်းကျင် စုစုပေါင်း ယူရို ၉၅သန်း အထိ တန်ကြေးရှိတဲ့ ကမ်းလှမ်းမှု တခု ပြုလုပ်ခဲ့တာ ဖြစ်ကာ အဆိုပါ ကမ်းလှမ်းမှုဟာ ဒေါ့မွန်အသင်းက လိုချင်နေတဲ့ ပြောင်းရွှေ့ကြေးနဲ့ နီးစပ်တာကြောင့် နှစ်သင်းကြားမှာ ခပ်မြန်မြန်ပဲ သဘောတူညီမှု ရဖွယ် ရှိကြောင်း သိရပါတယ်။