ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်က နယ်သာလန် ထိပ်သီးကလပ် အေဂျက်ရဲ့ တိုက်စစ်မှူး တဦး ဖြစ်သူ ကူဒက်ကို ခေါ်ယူဖို့ စုံစမ်းမှုတွေ လုပ်ဆောင်ထားကြောင်း နာမည်ကြီး သတင်းထောက် ဖြစ်သူ ဂျရေမီ ဘိုင်လီက အခိုင်အမာ ဖော်ပြသွားခဲ့ပါတယ်။

မန်ချက်စတာ ယူနိုက်တက်က ယခု ဆောင်းဈေးကွက် အတွင်းမှာ သူတို့ရဲ့ တိုက်စစ်ပိုင်းကို အင်အားမြှင့်တင်ဖို့ ဆုံးဖြတ်ထားပြီး အက်သလက်တီကို မက်ဒရစ် တိုက်စစ်မှူး ဂျာအို ဖီးလစ် ၊ ဂလာဘက် တိုက်စစ်မှူး သူရမ်တို့ အပါအဝင် တိုက်စစ်မှူး အမြောက်အမြားကို လိုက်လံ ချိတ်ဆက်နေပါတယ်။

Photo Credit: Express

တဖက်မှာတော့ အသက် ၂၂နှစ် အရွယ် ကင်မရွန်း လက်ရွေးစင် လူငယ်ကြယ်ပွင့် ကူဒက်က ယခုနှစ်ရာသီမှာ အေဂျက်နဲ့အတူ တောက်ပနေတဲ့ တိုက်စစ်မှူး တဦး ဖြစ်ပြီး ကူဒက်ဟာ ယခင်နှစ် ဘောလုံးရာသီတွေမှာ တိုက်စစ်မှူး အဖြစ် ကစားလေ့ မရှိပေမယ့် ယခုနှစ် ရာသီမှာတော့ တိုက်စစ်မှူး အဖြစ် ကစားနေကာ သူဟာ အေဂျက်အတွက် ပြိုင်ပွဲစုံမှာ ၂၁ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၁၀ဂိုး သွင်းယူထားနိုင်ပြီး ဂိုးဖန်တီးမှု ၂ကြိမ် ပြုလုပ်နိုင်ခဲ့ပါတယ်။

ကူဒက်က အက်သလက်တီကို မက်ဒရစ် တိုက်စစ်မှူး ဂျာအို ဖီးလစ်နဲ့ ကစားပုံ ဆင်တူတဲ့ တိုက်စစ်မှူး ဖြစ်ပြီး ဂျာအို ဖီးလစ်လို တောင်ပံနှစ်ဖက်မှာ ထွက်ကစားလေ့ သိပ်မရှိပေမယ့် ကွင်းလယ်တိုက်စစ်နဲ့ နောက်ချန်တိုက်စစ် နေရာတွေမှာ ကစားနိုင်စွမ်း ရှိပါတယ်။

Photo Credit: Express

ဒါ့အပြင် ကူဒက်က လက်ရှိ မန်ချက်စတာ ယူနိုက်တက်နည်းပြ တန်ဟက်ဂ်ရဲ့ တပည့်ဟောင်း ဖြစ်တာကြောင့် တန်ဟက်ဂ်ရဲ့ နည်းစနစ်တွေနဲ့ အကျွမ်းတဝင် ရှိပြီး မန်ချက်စတာ ယူနိုက်တက်ရဲ့ ကစားသမားသစ် ခေါ်ယူရေးဌာနက ကူဒက်ကို သူတို့အသင်းရဲ့ ပစ်မှတ် ကစားသမား စာရင်းထဲ ထည့်သွင်းထားပါတယ်။

နာမည်ကြီး သတင်းထောက် ဂျရေမီ ဘိုင်လီရဲ့ ဖော်ပြချက်အရ မန်ချက်စတာ ယူနိုက်တက်က အေဂျက်ထံ ချိတ်ဆက်ကာ ကူဒက်ရဲ့ အပြောင်းအရွှေ့ အတွက် စုံစမ်းမှု တချို့ ပြုလုပ်ခဲ့ပြီး မန်ချက်စတာ ယူနိုက်တက်ဟာ ကူဒက်ကို ရာသီဝက်အငှား + ရာသီကုန်မှာ အပြီးသတ် ခေါ်ယူခွင့်နဲ့ ကမ်းလှမ်းဖို့ ပြင်ဆင်နေကြောင်းလည်း သိရပါတယ်။

ဒါပေမယ့် ကူဒက်က အေဂျက်နဲ့ ၂၀၂၅ခုနှစ် အထိ စာချုပ်သက်တမ်း ကျန်နေသေးတဲ့ ကစားသမား တဦး ဖြစ်တာကြောင့် အေဂျက်ဘက်က သူ့ကို အလွယ်တကူ လက်လွှတ်ဖွယ် မရှိပဲ မန်ချက်စတာ ယူနိုက်တက်ဟာ ကူဒက်ကို ခေါ်ယူချင်ရင် ပြောင်းရွှေ့ကြေး ယူရို ၅၀သန်း ဝန်းကျင် အထိ သုံးစွဲရနိုင်ကြောင်း နယ်သာလန် အခြေစိုက် သတင်းထောက်တွေက သုံးသပ်ထားကြပါတယ်။