ပရီးမီးယားလိဂ် အင်အားကြီး အသင်းဖြစ်တဲ့ မန်ယူအသင်းဟာ သူတို့အသင်းရဲ့ အဓိက ကွင်းလယ် ကစားသမား တစ်ဦးဖြစ်တဲ့ ပေါ့ဘာကို ခေါ်ယူချင်နေတဲ့ အသင်းတွေ အနေနဲ့ ပေးချေရမယ့် ပြောင်းရွှေ့ကြေး ပမာဏကို သတ်မှတ်လိုက်ပြီ ဖြစ်ကြောင်း စပိန် အခြေစိုက် သတင်းဌာနတွေက ဖော်ပြ သွားကြပါတယ်။ အသက် ၂၇နှစ်အရွယ် ပေါ့ဘာဟာ တစ်ချိန်က မန်ယူအသင်းရဲ့ အဓိက ကွင်းလယ် ကစားသမား ဖြစ်ခဲ့ပေမယ့် လက်ရှိမှာတော့ အသင်းအတွက် ပုံမှန် ခြေစွမ်းပြနိုင်ဖို့ ရုန်းကန် နေရသလို ဝေဖန်မှုတွေလည်း မကြာခဏ ဆိုသလို ခံနေရတာကြောင့် မန်ယူအသင်းကနေ လာမယ့် နွေရာသီ အပြောင်းအရွှေ့မှာ ထွက်ခွာ တော့မယ်လို့ သတင်းကြီးနေသူပါ။

Photo Credit: AS English

တစ်ဖက်မှာလည်း ပေါ့ဘာနဲ့ မန်ယူအသင်းတို့ရဲ့ ကြားထဲမှာ ချုပ်ဆိုထားတဲ့ စာချုပ်သက်တမ်းဟာလည်း တစ်နှစ်ကျော်သာ ကျန်တော့တာကြောင့် မန်ယူအသင်း အနေနဲ့ ပေါ့ဘာကို စာချုပ်သစ် မချုပ်ဆိုနိုင်ပါက လာမယ့် ဘောလုံးရာသီ အကုန်မှာ ပေါ့ဘာကို အလွတ် ပြောင်းရွှေ့ကြေးနဲ့ လက်လွှတ်ရဖွယ် ရှိနေပါတယ်။ ဒါ့ကြောင့် မန်ယူအသင်း အနေနဲ့ ပေါ့ဘာကို ဒုတိယ အကြိမ်မြောက် အလွတ် ပြောင်းရွှေ့ကြေးနဲ့ လက်မလွှတ်ရစေရန် အတွက် စာချုပ်သစ် ချုပ်ဆိုဖို့ ကြိုးစားနေသလို စာချုပ်သစ် ချုပ်ဆိုမယ့်ကိစ္စ မအောင်မြင်ခဲ့ပါက လာမယ့် နွေရာသီ အပြောင်းအရွှေ့မှာ ပေါ့ဘာကို ပြောင်းရွှေ့ကြေး ယူရို ၆၀သန်းထဲနဲ့ ရောင်းချဖို့ စဉ်းစားထားကြောင်း စပိန် အခြေစိုက် နာမည်ကြီး သတင်းဌာန တစ်ခုဖြစ်တဲ့ AS သတင်းဌာနက ဖော်ပြ သွားပါတယ်။

Photo Credit: AS English

ASသတင်းဌာနရဲ့ အဆိုအရ ပေါ့ဘာရဲ့ လက်ရှိ ဈေးကွက် တန်ကြေးဟာ ပေါင်၇၂သန်း အထိ ရှိနေပေမယ့် မန်ယူအသင်း ကတော့ ပေါ့ဘာကို ရောင်းချရာကနေ ယူရို ၆၀သန်းသာ အလိုရှိနေပြီး အဆိုပါ ငွေကြေး ပမာဏနဲ့သာ ဆိုရင် ပေါ့ဘာကို ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ အသင်းတွေ များစွာ ရှိနေကြောင်း သိရှိ ရပါတယ်။ အထူးသဖြင့် ပေါ့ဘာရဲ့ အသင်းဟောင်း တစ်သင်း ဖြစ်တဲ့ ဂျူဗင်တပ်အသင်း ၊ ပြင်သစ် အင်အားကြီး အသင်းဖြစ်တဲ့ ပီအက်စ်ဂျီအသင်းနဲ့ စပိန် လာလီဂါ အင်အားကြီး အသင်းတစ်သင်း ဖြစ်တဲ့ ရီးရဲလ်မက်ဒရစ် အသင်းတို့ဟာ ပေါ့ဘာကို ခေါ်ယူဖို့ လက်ရှိ အချိန်ထဲက သူ့ရဲ့ အေးဂျင့်ဖြစ်သူ ရိုင်းအိုလာ ကို ချဉ်းကပ်မှုတွေ ပြုလုပ်နေပြီး ဘယ်အသင်းက ပေါ့ဘာကို ယူရို ၆၀သန်း ပေးပြီး အရ ခေါ်ယူနိုင်မလဲ ဆိုတာကို‌တော့ ဆက်လက် စောင့်ကြည့် သွားရမှာပါ။