လိုင်လီအသင်းရဲ့ဘရာဇီးနောက်ခံကစားသမား ဂါဘရီရယ်မာဂယ်ဟက်စ်ကိုတော့ ဥရောပကလပ်အသင်းများစွာကနေ ခေါ်ယူချင်နေကြပြီး လတ်တလောမှာတော့ သူ့ကို မန်ချက်စတာယူနိုက်တက် အဲဗာတန်နဲ့ နာပိုလီတို့ (၃)သင်းကနေ အသည်းအသန် စိတ်ဝင်စားနေကြပြီး ကစားသမားကိုယ်တိုင်ကတော့ ချန်ပီယံလိဂ်ဝင်ခွင့်ကို ရရှိထားခဲ့တဲ့ ယူနိုက်တက်အသင်းကိုသာ ဦးစားပေးရွေးချယ်သွားဖွယ် ရှိနေတယ်လို့ သိရှိရပါတယ်။

Photo Credit : Daily Express

အသက်(၂၂)နှစ်အရွှယ် ဗဟိုနောက်ခံကစားသမား ဂါဘရီရယ်ဟာ ပြင်သစ်လီဂူးမှာ သူရဲ့ခံစစ်စွမ်းရည်တွေကို ပြသထားနိုင်ခဲ့လို့ ကလပ်အသင်းများစွာကို ပစ်မှတ်ထားခြင်းကို ခံေနေရပြီး ဒီအသင်းတွေထဲမှာ ပရီးမီးယားလိဂ် ထိပ်သီးအသင်းတွေအပြင် နာပိုလီလို စီးရီးအေအသင်းတွေလည်း ပါဝင်လို့နေပါတယ်။ အသက်ငယ်ရွှယ်ပြီး ခံစစ်ပိုင်းမှာလည်း ထူးချွန်စွာ ကစားတတ်တဲ့ ဂါဘရီရယ်အတွက် ပြောင်းရွှေ့ကြေး ပေါင်(၂၇)သန်းခန့်နဲ့ အပိုဆုကြေး ပေါင်(၁၀)သန်းခန့်လောက်ရရင် လိုင်လီဘက်ကနေ ရောင်းချသွားဖို့ ရှိနေပါတယ်။ လက်ရှိမှာတော့ သူ့ကိုခေါ်ယူဖို့အတွက် ယူနိုက်တက်အသင်းက အခြေအနေအကောင်းဆုံး ဖြစ်နေရပါတယ်။

Photo Credit : Metro

ယူနိုက်တက်အသင်းရဲ့နည်းပြ အိုလေဂန်နာဆိုးလ်ရှားက အသင်းရဲ့ခံစစ်မှာ အသင်းခေါင်းဆောင် ဟယ်ရီမက်ဂွိုင်းယားနဲ့ တွဲဖက်ကစားဖို့အတွက် ခံစစ်မှူးတစ်ယောက်ကို ရှာဖွေနေတာဖြစ်ပြီး ဂါဘရီရယ်ဟာလည်း ဆိုးလ်ရှားရဲ့ပစ်မှတ်ထဲမှာ ပါဝင်နေသလို လူငယ်ကစားသမားတွေကို ပိုမိုနေရာပေးတတ်လေ့ရှိတဲ့ ဆိုးလ်ရှားရဲ့နည်းစနစ်တွေအောက်မှာလည်း အသက်(၂၂)နှစ်ပဲရှိသေးတဲ့ ဂါဘရီရယ်အနေနဲ့ ပိုမိုနေရာရလာနိုင်ပါတယ်။ အခုနွေစျေးကွက်အတွင်းမှာ ယူနိုက်တက်က နောက်ခံလူတွေဖြစ်တဲ့ ဖီးလ်ဂျုံး စမောလင်းတို့ကို စွန့်လွတ်သွားရဖို့ ရှိနေတဲ့အပြင် အဲရစ်ဘိုင်လီကလည်း မကြာခဏ ဒဏ်ရာရနေတတ်တဲ့အတွက် ဂါဘရီရယ်လို နောက်ခံလူတစ်ယောက်ကို ခေါ်ယူထားသင့်ပြီး ပြောင်းရွှေ့ကြေးလည်း သက်သာနေတာမို့ ယူနိုက်တက်အတွက် အကောင်းဆုံးလူခေါ်ယူမှု ဖြစ်လာနိုင်ပါတယ်။ အရပ်(၆)ပေနဲ့(၃)လက်မရှိတဲ့ ဂါဘရီရယ်ဟာ ၂၀၁၇ခုနှစ်ကမှ ဘရာဇီးကနေ လိုင်လီအသင်းဆီကို ရောက်ရှိလာခဲ့တာဖြစ်ပြီး အသင်းနဲ့ (၂)နှစ်တာအထိ လက်တွဲခဲ့ပြီးနောက်ပိုင်းမှာ အသင်းကြီးတွေကို ပြောင်းရွှေ့ဖို့ စိတ်အားထက်သန်လာခဲ့လို့ အသင်းနဲ့လမ်းခွဲဖို့ ဆုံးဖြတ်ထားပြီး လာမယ့်ရက်ပိုင်းအတွင်းမှာ သူရ့အသင်းကို ရွေးချယ်ဖွယ်ရှိနေပါတယ်။