ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်အသင်းဟာ သူတို့အသင်းရဲ့ အသင်းခေါင်းဆောင် ဖြစ်သူ ဟယ်ရီ မက်ဂွိုင်းယားကို စာချုပ်သစ် ချုပ်ဆိုဖို့ အတွက် ပြင်ဆင်နေကြောင်း ဗြိတိန် အခြေစိုက် သတင်းဌာနတွေက အခိုင်အမာ ဖော်ပြသွားကြပါတယ်။

အသက် ၂၈နှစ် အရွယ် အင်္ဂလန် လက်ရွေးစင် နောက်ခံလူ မက်ဂွိုင်းယားဟာ ၂၀၁၉ခုနှစ်မှာ လက်စတာ စီးတီးအသင်း ကနေ မန်ချက်စတာ ယူနိုက်တက်အသင်းထံ ပြောင်းရွှေ့ကြေး ယူရို ၈၅သန်းနဲ့ ပြောင်းရွှေ့လာသူ ဖြစ်ပြီး အသင်းထံ ရောက်ရှိချိန် ကနေ ယခုအချိန် အထိ မရှိမဖြစ် နောက်ခံလူ တဦး အဖြစ် ခြေစွမ်းပြနေသူပါ။

Photo Credit: Daily Mail

မက်ဂွိုင်းယားဟာ မန်ချက်စတာ ယူနိုက်တက်အသင်းထံ ပြောင်းရွှေ့လာချိန်မှာ ၆နှစ် သက်တမ်း ရှိတဲ့ စာချုပ်တရပ် ချုပ်ဆိုထားသူ ဖြစ်ပေမယ့် အသင်းခေါင်းဆောင် ရာထူး ရရှိတဲ့ အထိ ခြေစွမ်းကောင်းတွေ ထုတ်ပြနိုင်ခဲ့တာကြောင့် အသင်းက သူ့ကို စာချုပ်သစ် ချုပ်ဆိုဖို့ စဉ်းစားနေပြီး စာချုပ်သစ်မှာ မက်ဂွိုင်းယားဟာ လက်ရှိ ရနေတဲ့ လုပ်ခလစာထက် ပိုမို များပြားတဲ့ လုပ်ခလစာ ပမာဏတရပ်ကို ရရှိဖွယ် ရှိပါတယ်။

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ The Mirror သတင်းဌာနရဲ့ ဖော်ပြချက်အရ မက်ဂွိုင်းယားရဲ့ စာချုပ်သက်တမ်းဟာ ၄နှစ် အထိ ကျန်ရှိနေသေးပေမယ့် မန်ချက်စတာ ယူနိုက်တက်အသင်းဟာ မက်ဂွိုင်းယားကို လုပ်ခလစာ တိုးမြှင့်ပေးချင်တာကြောင့် စာချုပ်သစ် ထပ်ချုပ်ဖို့ ပြင်ဆင်နေပြီး မက်ဂွိုင်းယားကလည်း မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ စာချုပ်သစ် ကမ်းလှမ်းမှုကို စောင့်မျှော်နေကြောင်း သိရပါတယ်။

Photo Credit: Daily Mail

မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ယခုနှစ် နွေရာသီ အပြောင်းအရွှေ့ကမှ အသင်းထံ ပြောင်းရွှေ့လာတဲ့ ပြင်သစ်နောက်ခံလူ ဗာရန်းနဲ့ မက်ဂွိုင်းယားတို့ရဲ့ အတွဲအဖက်ဟာ အသင်းကို ဆုဖလားတွေ ရရှိအောင် ကူညီပေးနိုင်မယ်လို့ ယုံကြည်ထားတာကြောင့် မက်ဂွိုင်းယားကို အခုလို စာချုပ်သစ် ကမ်းလှမ်းတာ ဖြစ်တယ် လို့ မန်ချက်စတာ ယူနိုက်တက်အသင်းနဲ့ နီးစပ်သူတွေက ဆိုထားပါတယ်။