ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်အသင်းဟာ အသင်းရဲ့ ကစားသမားဟောင်း လူကာကူကြောင့် အသင်းရဲ့ ပစ်မှတ် ကစားသမား တဦး ဖြစ်သူ ဒေါ့မွန်အသင်းရဲ့ လူငယ် တိုက်စစ်မှူး ဟာလန်းကို ခေါ်ယူနိုင်ဖို့ ပိုမို ရေပန်းစားလာပါတယ်။

လက်ရှိ ကမ္ဘာ့အကောင်းဆုံး လူငယ် တိုက်စစ်မှူး အဖြစ် သတ်မှတ်ခံထားရတဲ့ အာလင်း ဟာလန်းဟာ လာမယ့် နွေရာသီ အပြောင်းအရွှေ့မှာ ဒေါ့မွန်အသင်း ကနေ စာချုပ်ဖျက်သိမ်းကြေး ယူရို ၇၅သန်းနဲ့ ပြောင်းရွှေ့နိုင်မယ့် ကစားသမား တဦး ဖြစ်ပြီး သူ့ကို ခေါ်ယူဖို့ အတွက် ဥရောပ အခြေစိုက် အသင်းကြီး အတော်များများက မျက်စိကျနေကြပါတယ်။

Photo Credit: Daily Mail

အဆိုပါ အသင်းကြီးတွေ အနက် ပရီးမီးယားလိဂ် အင်အားကြီးကလပ်တွေ ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက် ၊ မန်ချက်စတာ စီးတီးနဲ့ ချယ်လ်ဆီးအသင်းတို့ဟာ ဟာလန်းကို ခေါ်ယူနိုင်ဖို့ အကောင်းဆုံး အနေအထားမှာ ရှိနေကြပြီး လက်ရှိမှာတော့ မန်ချက်စတာ စီးတီးအသင်းဟာ စပါးအသင်းရဲ့ တိုက်စစ်မှူး ဟယ်ရီကိန်းကို ခေါ်ယူနိုင်ဖို့ နီးစပ်နေသလို ချယ်လ်ဆီးအသင်းကလည်း အင်တာမီလန်အသင်းရဲ့ တိုက်စစ်မှူး လူကာကူကို ခေါ်ယူဖို့ ကြိုးစားနေတာကြောင့် မန်ချက်စတာ ယူနိုက်တက်အသင်းက ဟာလန်းကို ခေါ်ယူဖို့ ပိုမို ရေပန်းစားလာတာပဲ ဖြစ်ပါတယ်။

ချယ်လ်ဆီးအသင်းဟာ မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ ကစားသမားဟောင်း ဖြစ်သူ လူကာကူကို ပြောင်းရွှေ့ကြေး ပေါင် ၁၁၀သန်း အထိ ပေးချေကာ ခေါ်ယူဖို့ ပြင်ဆင်နေတာကြောင့် လာမယ့် နွေရာသီ အပြောင်းအရွှေ့မှာ ဒေါ့မွန်အသင်းရဲ့ လူငယ် တိုက်စစ်မှူး ဟာလန်းကို ကြိုက်ကြေးပေးကာ ခေါ်ယူနိုင်ဖို့ အလားအလာ နည်းပါးသွားသလို မန်ချက်စတာ ယူနိုက်တက်အသင်းကလည်း ဟာလန်းကို အရခေါ်ယူနိုင်ဖို့ ယခုထဲက ကြိုးစားနေကြောင်း မန်ချက်စတာ ညနေခင်း သတင်းဌာနက ဆိုပါတယ်။

Photo Credit: Daily Mail

မန်ချက်စတာ ညနေခင်း သတင်းဌာနရဲ့ ဖော်ပြချက်အရ မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ နည်းပြဖြစ်သူ ဆိုးလ်ရှားဟာ သူ့ရဲ့ တပည့်ဟောင်း ဖြစ်တဲ့ ဟာလန်းနဲ့ ပုံမှန် ဆက်သွယ်မှုတွေ ရှိနေသလို ဟာလန်းရဲ့ အရင်းနှီးဆုံး မိတ်ဆွေတဦး ဖြစ်သူ ဆန်ချိုကလည်း မန်ချက်စတာ ယူနိုက်တက်အသင်းမှာ ရှိနေတာကြောင့် ဟာလန်းအနေနဲ့ ဒေါ့မွန်အသင်း ကနေ ထွက်ခွာတဲ့အခါ မန်ချက်စတာ ယူနိုက်တက်အသင်းဆီ လာရောက်မယ် လို့ ယုံကြည်နေကြောင်း သိရပါတယ်။

ဒါပေမယ့် မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ဟာလန်းကို ခေါ်ယူနိုင်ဖို့ အခြား ဥရောပ အသင်းကြီးတွေ ဖြစ်တဲ့ ရီးရဲလ်မက်ဒရစ် ၊ ဘာစီလိုနာ ၊ ဂျူဗင်တပ် ၊ ပီအက်စ်ဂျီ စတဲ့ အသင်းတွေနဲ့ ယှဉ်ပြိုင်ရဖို့ ရှိနေသလို ဟာလန်းရဲ့ အေးဂျင့်ဖြစ်သူ ရိုင်းအိုလာနဲ့ အသင်းရဲ့ ကြားမှာ ဆက်ဆံရေး အဆင်မပြေမှုတွေ ရှိနေတာက ဟာလန်းကို ခေါ်ယူဖို့ ကြိုးစားတဲ့ နေရာမှာ အခက်အခဲတွေ ဖြစ်လာနိုင်ပါတယ်။