ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ယူရိုပါလိဂ် အုပ်စု(E)ရဲ့ အုပ်စုအဖွင့်ပွဲ တပွဲ ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်နဲ့ ဆိုစီဒက်တို့ရဲ့ ပွဲစဉ်မှာတော့ ဧည့်သည် ဆိုစီဒက်က အဓိက ကွင်းလယ်လူ မန်ဒက်စ်ရဲ့ ပင်နယ်တီ သွင်းဂိုးနဲ့အတူ မန်ချက်စတာ ယူနိုက်တက်ကို အဝေးကွင်းမှာ အနိုင်ရပြီး အဖိုးတန် နိုင်ပွဲတပွဲ ရယူနိုင်ခဲ့ပါတယ်။

မန်ချက်စတာ ယူနိုက်တက်ရဲ့ နာမည်ကျော် အိုးထရက်ဖို့ဒ်ကွင်းမှာ ယှဉ်ပြိုင် ကစားခဲ့ကြတဲ့ အဆိုပါပွဲမှာ နှစ်သင်းစလုံးရဲ့ ခြေစွမ်းပိုင်းက များစွာ ကွာခြားလှခြင်း မရှိခဲ့ပေမယ့် ဆိုစီဒက်က ရလာတဲ့ ပင်နယ်တီကို အမှားအယွင်း မရှိ သွင်းဂိုးအဖြစ် ပြောင်းလဲနိုင်ခဲ့မှုကြောင့် အဝေးကွင်းမှာ နိုင်ပွဲရခဲ့တာ ဖြစ်ပြီး မန်ချက်စတာ ယူနိုက်တက်ကတော့ တိုက်စစ် ကစားသမားတွေ ဖြစ်ကြတဲ့ ရိုနယ်ဒို ၊ အီလန်ဂါနဲ့ အန်တိုနီတို့ ခြေစွမ်းကောင်းတွေ ပြသဖို့ ရုန်းကန်ခဲ့ရတာကြောင့်ပဲ လိုချင်တဲ့ ရလဒ်ကောင်းကို အရမယူနိုင်ခဲ့ပါဘူး။

Photo Credit: Football 365

မန်ချက်စတာ ယူနိုက်တက် ၀-၁ ဆိုစီဒက် ပွဲစဉ်မှာ ပရိသတ်တွေ ပြောစမှတ် ပြုရလောက်တဲ့ အထိ ခြေစွမ်းကောင်းတွေ ပြသနိုင်ဖို့ ရုန်းကန်ရတဲ့ ကစားသမား နှစ်ဦးဟာ ယူနိုက်တက်ရဲ့ အဓိက တိုက်စစ်မှူး ရိုနယ်ဒိုနဲ့ အသင်းခေါင်းဆောင် ဗဟိုခံစစ်မှူး ဟယ်ရီ မက်ဂွိုင်းယားတို့ ဖြစ်ကြပြီး ရိုနယ်ဒိုကတော့ ပွဲစဉ်ရဲ့ စွမ်းဆောင်ရည် အနိမ့်ကျဆုံး ကစားသမား အဖြစ်ပါ မှတ်တမ်းဝင်ခဲ့ပါသေးတယ်။

အသက် ၃၇နှစ် အရွယ် ဝါရင့် ပေါ်တူဂီကြယ်ပွင့် တိုက်စစ်မှူး ခရစ္စတီယာနို ရိုနယ်ဒိုက ဆိုစီဒက်နဲ့ ပွဲစဉ်မှာ Rating ၅.၈သာ ရခဲ့ပြီး သူဟာ တပွဲလုံးမှာ ထိချက် ၃၉ကြိမ်သာ ရှိခဲ့သလို ဂိုးကန်သွင်းခွင့် ၄ကြိမ် ပြုလုပ်ခဲ့ပေမယ့် ဂိုးပေါက်တည့် ကန်ချက် ၁ကြိမ်မှ မရှိခဲ့သလို အပိုင်ဂိုးသွင်းခွင့် ၁ကြိမ်ကိုလည်း လွဲချော်ခဲ့ပါတယ်။

Photo Credit: Football 365

ဒါကြောင့်ပဲ မန်ချက်စတာ ယူနိုက်တက် ၀-၁ ဆိုစီဒက် ပွဲစဉ်အပြီးမှာ ဘောလုံးရေးရာ သုံးသပ်သူတွေက တန်ဟက်ဂ်အနေနဲ့ ရိုနယ်ဒိုကို အရန် တိုက်စစ်မှူး အဖြစ်သာ သုံးစွဲသင့်တော့ကြောင်း တိုက်တွန်း အကြံပေးထားကြသလို မန်ချက်စတာ ယူနိုက်တက်ရဲ့ ပရိသတ်တွေကလည်း အသက်အရွယ်ကြောင့် အရင်လို စွမ်းဆောင်ရည် မကောင်းတော့တဲ့ ရိုနယ်ဒိုကို လူစားဝင် တိုက်စစ်မှူး အဖြစ်သာ သုံးစွဲသင့်ကြောင်းနဲ့ ဒီရာသီမှာ ရိုနယ်ဒိုကို ပွဲထွက် ကစားသမား အဖြစ် အသုံးပြုတိုင်း အသင်းဟာ ရှုံးနိမ့်တတ်ကြောင်း ထောက်ပြ ဝေဖန်နေကြပါတယ်။

မန်ချက်စတာ ယူနိုက်တက်က ယခုနှစ် ဘောလုံးရာသီမှာ ပြိုင်ပွဲစုံ ၇ပွဲ ယှဉ်ပြိုင် ကစားထားရာ ၄ပွဲနိုင် ၃ပွဲရှုံး ရလဒ်ကို ပိုင်ဆိုင်ထားပြီး အဆိုပါ ၇ပွဲမှာ ရိုနယ်ဒိုကို ပွဲထွက် ကစားသမား အဖြစ် ၂ပွဲသာ အသုံးပြုထားကာ အဆိုပါ ၂ပွဲစလုံးမှာလည်း ၀-၄ ၊ ၀-၁ ဆိုတဲ့ ရလဒ်တွေနဲ့ ရှုံးနိမ့်ခဲ့ပါတယ်။