မန်ချက်စတာယူနိုက်တက်အသင်းကတော့ လာမယ့်စျေးကွက်အတွင်းမှာ အသင်းရဲ့ကွင်းလယ်ပိုင်းကို အင်အားမြင့်တင်နိုင်ဖို့အတွက် သူတို့အသင်းရဲ့ ပစ်မှတ်ဟောင်းဖြစ်ခဲ့ဖူးတဲ့ ပီအက်စ်ဂျီအသင်းရဲ့ ဝါရင့်ကွင်းလယ်ကစားသမား အစ်ဒရီဆာဂေးယီကို ခေါ်ယူဖို့အတွက် ပြန်လည်စိတ်ဝင်စားလျက်ရှိနေတယ်လို့ ပြင်သစ်အခြေစိုက် အားကစားသတင်းမီဒီယာတွေကနေ ဖော်ပြလာခဲ့သလို ဂေးယီကိုယ်တိုင်ကလည်း ပီအက်စ်ဂျီကနေ ပြန်လည်ထွက်ခွာဖွယ်ရှိနေတယ်လို့ သိရှိရပါတယ်။

Photo Credit : Goal

အသက်(၃၀)အရွှယ်ရှိပြီဖြစ်တဲ့ ဆီနီဂေါလက်ရွေးစင် ကွင်းလယ်ကစားသမားသမားဟာ အဲဗာတန်အသင်းမှာ ကစားခဲ့စဉ်တုန်းကတည်းက ယူနိုက်တက်အသင်းရဲ့ ပစ်မှတ်ထားခံရသူဖြစ်ခဲ့ပေမယ့် ဂေးယီဟာ ပြီးခဲ့တဲ့ နွေစျေးကွက်အတွင်းမှာပဲ အဲဗာတန်ကနေ ပီအက်စ်ဂျီအသင်းဆီကို ယူရို(၂၅)သန်းနဲ့ ပြောင်းရွှေ့ဖြစ်ခဲ့ပါတယ်။ ဂေးယီဟာ ဒီရာသီမှာ ပီအက်စ်ဂျီအသင်းအတွက် ပြိုင်ပွဲစုံ (၃၁)ပွဲအထိ ပါဝင်ကစားထားပြီး (၁)ဂိုးသွင်းကာ (၂)ဂိုး ဖန်တီးထားနိုင်ခဲ့သလို ပွဲအများစုမှာလည်း ပါဝင်ကစားထားရပေမယ့် သူ့အနာဂတ်ပတ်သက်ပြီး ဘယ်အရာကမှ အသေအချာ ပြောလို့မရနိုင်သေးဘူးလို့ အင်တာဗျူးတစ်ခုမှာ ဖြေဆိုထားခဲ့ဖူးပါတယ်။

Photo Credit : ToffeeTarget

ဒီလိုအခြေအနေရှိနေတဲ့ ကွင်းလယ်ခံစစ်ကစားသမားဂေးယီကို ယူနိုက်တက်အသင်းကနေ တဖန်ပြန်လည်စိတ်ဝင်စားလာခဲ့ပြီး လာမယ့်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့် ပိုင်ဆိုင်ရရှိခဲ့မယ်ဆိုရင် အသင်းရဲ့လူအင်အားကို တောင့်တင်းနေစေဖို့အတွက် ဂေးယီလို အတွေ့အကြုံရင့် ကစားသမားမျိုးကို အလိုရှိနေတာဖြစ်ပါတယ်။ လာမယ့်စက်တင်ဘာလမှာ အသက်(၃၁)နှစ် ပြည့်သွားတော့မယ့် ဂေးယီဟာ အဲဗာတန်အသင်းနဲ့အတူ ဘောလုံးရာသီ(၃)ခုလောက်အထိ ဖြတ်သန်းခဲ့ဖူးသလို လိုင်လီနဲ့ အက်စတွန်ဗီလာအသင်းတွေမှာလည်း ပါဝင်ကစားဖူးတဲ့ အတွေ့အကြံုရင့် ဝါရင့်ကစားသမားတစ်ဦးဖြစ်တာကြောင့် သူ့ကို ယူနိုက်တက်နည်းပြဆိုးလ်ရှားကနေ စိတ်ဝင်စားနေခဲ့တာဖြစ်ပါတယ်။ ယူနိုက်တက်အသင်းဟာ လာမယ့်ရာသီအတွက် ဒေါ့မွန်အသင်းရဲ့ တောင်ပံကစားသမား ဂျေဒန်ဆန်ချိုကို အဓိကပစ်မှတ်ထားလျက်ရှိနေပြီး အက်စတွန်ဗီလာအသင်းရဲ့ အသင်းခေါင်းဆောင် ဂျက်ဂရီးလစ် အင်တာမီလန် နောက်ခံကစားသမား ရှကရီညာနဲ့ လက်စတာစီးတီး ဘယ်နောက်ခံလူ ဘင်ချီဝဲလ်တို့ကို စိတ်ဝင်တစားရှိလို့နေပါတယ်။ ဒါ့အပြင် အသင်းက ကစားသမားများစွာကိုလည်း လာမယ့်စျေးကွက်အတွင်းမှာပါ ရောင်းထုတ်သွားဖွယ်ရှိနေပါတယ်။