မန်ချက်စတာယူနိုက်တက်အသင်းမှာ ပုံမှန်နေရာတစ်နေရာရဖို့ မလွယ်ကူတော့တာကြောင့် မွေးရပ်မြေ ဘရာဇီးကိုပြန်ပြီး ဘရာဇီးနာမည်ကျော် ဘောလုံးအသင်း ဖလာမင်ဂိုအသင်းဆီ အငှားစာချုပ်နဲ့ ပြောင်းရွှေ့လာခဲ့တဲ့ ဘရာဇီးကွင်းလယ်ကစားသမား အန်ဒရေပါရဲယားဟာ သူရဲ့ ဖလာမင်ဂို ကစားသမားဘဝ ပွဲဦးထွက်မှာပဲ အသင်းအတွက် သွင်းဂိုးတစ်ဂိုး သွင်းယူနိုင်ခဲ့ပြီး သူရဲ့ တာအထွက်မှာ မျက်နှာပန်းလှစေခဲ့ပါတယ်။

Photo Credit : The Sun

အသက်(၂၅)နှစ်အရွှယ်ရှိ ယူနိုက်တက် ကွင်းလယ်ကစားသမား ပါရဲယားဟာ ၂၀၁၁ခုနှစ်ကတည်းက ယူနိုက်တက်အသင်းဆီ ရောက်ရှိနေတာဖြစ်ပေမယ့်လည်း အသင်းမှာ နေရာရဖို့ ရုန်းကန်နေရတာကြောင့် ဂရန်နာဒါ ဗလင်စီယာနဲ့ လာဇီယိုအသင်းတွေမှာ အငှားနဲ့ သွားရောက်ကစားခဲ့ရသလို အခုလည်း ဘရာဇီးကလပ် ဖလာမင်ဂိုအသင်းဆီကိုပါ အငှားစာချုပ်နဲ့ သွားရောက်ကစားနေရပါတယ်။ ပါရဲယားဟာ ယူနိုက်တက်အသင်းအတွက် (၆)ရာသီအတွင်းမှာ (၇၅)ပွဲသာ ပါဝင်ကစားထားခဲ့ရပြီး သွင်းဂိုးစုစုပေါင်းမှာလည်း (၄)ဂိုးသာ သွင်းယူနိုင်ခဲ့ပါတယ်။

Photo Credit : The Sun

အခုလို ဖလာမင်ဂိုအသင်းဆီကို အငှားစာချုပ်နဲ့ ပြောင်းရွှေ့ရောက်ရှိလာခဲ့တဲ့ ကွင်းလယ်လူ ပါရဲယားဟာ ဆန်းတို့စ်အသင်းနဲ့ ဖလာမင်ဂိုအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့တဲ့ ဘရာဇီး အမှတ်ပေးပွဲစဉ်မှာ ဒုတိယပိုင်း ပွဲကစားချိန် (၈၁)မိနစ်မှာ လူစားဝင်ကစားခဲ့ရပြီး (၃)မိနစ်အကြာမှာပဲ ဆန်းတို့စ်အသင်းရဲ့ ခံစစ်ပိုင်း ယိုယွင်းမှုကနေတစ်ဆင့် ပါရဲယားက အသင်းအတွက် ပွဲသိမ်းအနိုင်ဂိုးအဖြစ် သွင်းယူနိုင်ခဲ့ပါတယ်။ ပါရဲယားရဲ့ သွင်းဂိုးမတိုင်ခင်မှာတော့ အသင်းရဲ့ အဓိက တိုက်စစ်ကစားသမား ဂါဘရီရယ်ဘာဘိုဆာက ဟက်ထရစ်သွင်းယူခဲ့ပါသေးတယ်။ လက်ရှိမှာတော့ ပါရဲယားကို တစ်ရာသီအငှားစာချုပ်နဲ့ ခေါ်ယူထားခဲ့တဲ့ ဖလာမင်ဂိုအသင်းဟာ ဘရာဇီးအမှတ်ပေးလိဂ်မှာ (၁၆)ပွဲ ယှဉ်ပြိုင်ကစားထားခဲ့ပြီး (၁၀)ပွဲနိုင် (၅)ပွဲရှုံး (၁)ပွဲသရေကျထားပြီး အဆင့်(၅)နေရာနဲ့ ရပ်တည်နေရပါတယ်။ ဒါပေမယ့် ဇယားထိပ်ဆုံးကို ရောက်ရှိနေတဲ့ အသက်လက်တီကိုမင်နဲရိုးအသင်းထက် (၂)ပွဲလျော့နေတာကြောင့် လက်ကျန်(၂)ပွဲ အနိုင်ရခဲ့မယ်ဆိုရင် မင်နဲရိုးအသင်းနဲ့ (၂)မှတ်ပဲ ကွာဟတော့မှာဖြစ်ပါတယ်။