ပရီးမီးယားလိဂ် အင်အားကြီးအသင်းတွေ ဖြစ်ကြတဲ့ မန်ချက်စတာ ယူနိုက်တက်နဲ့ လီဗာပူးတို့ဟာ နယ်သာလန် ထိပ်သီးကလပ် အေဂျက်ရဲ့ တောင်ပံတိုက်စစ် ကစားသမား အန်တိုနီကို ခေါ်ယူဖို့ အပြိုင်အဆိုင် ကြိုးစားနေကြကြောင်း ဥရောပ အခြေစိုက် နာမည်ကြီး သတင်းဌာန တချို့က ဖော်ပြသွားခဲ့ပါတယ်။

အသက် ၂၂နှစ် အရွယ် ဘရာဇီးလ် လက်ရွေးစင် တောင်ပံတိုက်စစ် ကစားသမား အန်တိုနီဟာ ဘောလုံးအရည်အသွေး ပြည့်ဝတဲ့ ကစားသမားကောင်း တဦး ဖြစ်ပြီး သူ့ရဲ့ အလိမ်အခေါက်တွေ ၊ ဖန်တီးပေးပို့မှုတွေနဲ့ လိုအပ်ရင် လိုအပ်သလို သွင်းဂိုးတွေ သွင်းယူနိုင်စွမ်း ရှိတဲ့ စွမ်းဆောင်ရည်တွေကြောင့် ဥရောပအသင်းကြီး တချို့ရဲ့ မျက်စိကျခြင်းကို ခံနေရသူပါ။

Photo Credit: 90 Mins

၂၀၂၀ခုနှစ်ကမှ ဆော်အိုပေါ်လို ကနေ အေဂျက်ထံ ပြောင်းရွှေ့ ကစားခဲ့တဲ့ အန်တိုနီဟာ မန်ချက်စတာ ယူနိုက်တက်ရဲ့ နည်းပြသစ် တန်ဟက်ဂ်ရဲ့ လက်အောက်မှာ တောက်ပလာတဲ့ ကြယ်ပွင့် ကစားသမား တဦး ဖြစ်ပြီး ယခုနှစ် ဘောလုံးရာသီမှာ အန်တိုနီက အေဂျက်အတွက် ပြိုင်ပွဲစုံ ၃၃ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၁၂ဂိုး သွင်းယူနိုင်ခဲ့ကာ ဂိုးဖန်တီးမှု ၁၀ကြိမ် အထိ ပြုလုပ်ထားနိုင်ပါတယ်။

ဒါကြောင့်ပဲ လာမယ့် နွေအပြောင်းအရွှေ့မှာ အသင်းရဲ့ အဓိက တိုက်စစ် ကစားသမားတွေ ဖြစ်ကြတဲ့ မိုဟာမက် ဆာလာနဲ့ ဆာဒီယို မာနေးတို့ နှစ်ဦးကို ဆုံးရှုံးရမယ့် အရေးနဲ့ ရင်ဆိုင်နေရတဲ့ လီဗာပူးက အန်တိုနီကို ခေါ်ယူဖို့ စိတ်ဝင်စားနေတာ ဖြစ်ပြီး အေဂျက်ကနေ မန်ချက်စတာ ယူနိုက်တက်ဆီ ပြောင်းရွှေ့ သွားခဲ့တဲ့ တန်ဟက်ဂ်ကလည်း သူ့ရဲ့ တပည့် အန်တိုနီကို ခေါ်ယူပေးဖို့ မန်ချက်စတာ ယူနိုက်တက် ဘုတ်အဖွဲ့ထံ တောင်းဆိုထားပါတယ်။

Photo Credit: 90 Mins

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Sports Witness သတင်းဌာနရဲ့ ဖော်ပြချက်အရ လီဗာပူးနဲ့ မန်ချက်စတာ ယူနိုက်တက်တို့ရဲ့ တာဝန်ရှိသူတွေက အန်တိုနီရဲ့ အေးဂျင့်နဲ့ တွေ့ဆုံကာ အပြောင်းအရွှေ့ အတွက် ဆွေးနွေးမှုတွေ ပြုလုပ်နေပြီး အန်တိုနီက ဘယ်အသင်းဆီ ပြောင်းရွှေ့မလဲ ဆိုတာကို မဆုံးဖြတ်ရသေးကြောင်း သိရပါတယ်။

CNN သတင်းဌာနရဲ့ နာမည်ကြီး အားကစား ကလောင်ရှင် ဘရူနို အန်ရိတ်ကလည်း မန်ချက်စတာ ယူနိုက်တက်နဲ့ လီဗာပူးတို့က အန်တိုနီကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြကြောင်း အတည်ပြုပေးထားသလို အေဂျက်ကတော့ သူတို့ရဲ့ ကြယ်ပွင့် တိုက်စစ်မှူး အန်တိုနီကို မဆုံးရှုံးချင်တာကြောင့် ရောင်းထုတ်ဖို့ တွေဝေနေကြောင်း ဆိုပါတယ်။