ပရီးမီးယားလိဂ်ရဲ့ အင်အားကြီး အသင်းနှစ်သင်း ဖြစ်တဲ့ မန်ယူအသင်းနဲ့ လီဗာပူးအသင်းတို့ဟာ ဖီဖာရဲ့ ထောက်ခံ အားပေးမှုနဲ့အတူ ဥရောပ နာမည်ကြီး အသင်းတွေ ပါဝင်တဲ့ စူပါလိဂ်တစ်ခုကို တည်ထောင်ဖို့ ပူးတွဲ ကြိုးစားနေကြကြောင်း အင်္ဂလန်ရဲ့ နာမည်ကြီး သတင်းဌာနတစ်ခု ဖြစ်တဲ့ စကိုင်းစပေါ့တ် သတင်းဌာနက ဖော်ပြ သွားခဲ့ပါတယ်။ မန်ယူအသင်းနဲ့ လီဗာပူးအသင်းတို့ဟာ အင်္ဂလန်ဒါဘီလို့ တင်စားရလောက်အောင် အတိတ်မှာ ခါးသီးပြိုင်ဘက်တွေ ဖြစ်ခဲ့ကြပေမယ့် နှစ်သင်းစလုံးရဲ့ ပိုင်ရှင်တွေဟာ အမေရိကန်တွေ ဖြစ်တာကြောင့် လက်ရှိမှာ အသင်းနှစ်သင်းကြား စီးပွားရေးအရ ပူးတွဲ လုပ်ဆောင်မှုတွေ စတင် ပြုလုပ်လာပါတယ်။

Photo Credit: Sky Sports

အထူးသဖြင့် မန််ယူအသင်းနဲ့ လီဗာပူးအသင်းတို့ဟာ ဥရောပရဲ့ နာမည်ကြီး အသင်းကြီးတွေ ပါဝင်တဲ့ စူပါလိဂ် တစ်ခုကို ပြုလုပ်ဖို့ ကြိုးစားနေကြပြီး လက်ရှိမှာတော့ ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ်ဖြစ်တဲ့ ဖီဖာရဲ့ ကျောက်ထောက် နောက်ခံပေးမှုနဲ့အတူ “ဥရောပ ပရီးမီးယားလိဂ်” လို့ အမည်ပေးထားတဲ့ လိဂ်တစ်ခုကို စတင် တည်ထောင်ဖို့ လုပ်ဆောင်နေကြောင်း သိရပါတယ်။ မန်ယူအသင်းနဲ့ လီဗာပူးအသင်းတို့ဟာ မကြာသေးမီကလည်း အင်္ဂလန် ပရီးမီးယားလိဂ်ရဲ့ နာမည်ကြီး အသင်းတွေကို စုစည်းကာ လိဂ်ပြိုင်ပွဲရဲ့ ပြိုင်ပွဲဝင်အသင်း အရေအတွက်ကို ၁၈သင်းအထိ လျှော့ချဖို့ စီစဉ်ခဲ့ပေမယ့် ပရီးမီးယားလိဂ် ဘောလုံးအဖွဲ့ချုပ်ကတော့ အဆိုပါ အစီအစဉ်ကို ပယ်ချ သွားခဲ့ပါတယ်။

Photo Credit: Sky Sports

လက်ရှိမှာ ထွက်ပေါ်လာတဲ့ သတင်းတွေ အရတော့ မန်ယူအသင်းနဲ့ လီဗာပူးအသင်းတို့ ပရီးမီးယားလိဂ် ပြိုင်ပွဲဝင် အသင်းကို လျှော့ချဖို့ ကြိုးစားခဲ့တာဟာ ဒေါ်လာ ၆ဘီလီယံ သုံးစွဲကာ တည်ထောင်မယ့် ဥရောပ ပရီးမီးယားလိဂ်ကို ကျင်းပနိုင်ဖို့ အတွက် စီစဉ်ခဲ့တဲ့ အစီအစဉ် တစ်ခု ဖြစ်ကြောင်း သိရှိရပြီး အဆိုပါ စူပါလိဂ်မှာ ပါဝင်နိုင်ဖို့ အတွက် စပိန် လာလီဂါ အင်အားကြီး အသင်းတွေ ၊ ဘွန်ဒက်လီဂါ အင်အားကြီး အသင်းတွေ ၊ အီတလီ စီးရီးအေရဲ့ အင်အားကြီး အသင်းတွေ အပါအဝင် အသင်း တစ်ဒါဇင်ကျော်ဟာ မန်ယူအသင်း ၊ လီဗာပူးအသင်းတို့နဲ့ ဆွေးနွေးနေကြောင်း သိရပါတယ်။ စကိုင်းစပေါ့တ် သတင်းဌာနရဲ့ ဖော်ပြချက်အရ အဆိုပါ ဥရောပ ပရီးမီးယားလိဂ်ဟာ သာမန် ဘောလုံးရာသီ အတွင်းမှာပဲ ရှုံးထွက်ပုံစံနဲ့ ကျင်းပမယ့် ပြိုင်ပွဲတစ်ခု ဖြစ်ပြီး အဆိုပါလိဂ်မှာ အင်္ဂလန် ပရီးမီးယားလိဂ် အသင်းကြီး ခြောက်သင်းအနက် ငါးသင်းသာ ပါဝင်နိုင်ဖွယ်ရှိကာ အဆိုပါ ပြိုင်ပွဲကို အနိုင်ရရှိတဲ့ အသင်းဟာ ဆုကြေးငွေ ပေါင် ၁ဝဝသန်းကျော်ကို ရရှိနိုင်မှာ ဖြစ်ကြောင်းလည်း သိရှိ ရပါတယ် ခင်ဗျာ…။