ပရီးမီးယားလိဂ်ရဲ့ နာမည်ကြီးအသင်းတွေ ဖြစ်ကြတဲ့ မန်ချက်စတာ ယူနိုက်တက်နဲ့ လီဗာပူးတို့က သူတို့အသင်းရဲ့ ခံစစ်ကြောင်းကို အားဖြည့်ဖို့ အတွက် လာမယ့် နွေဈေးကွက် အတွင်းမှာ စပို့တင်း လစ္စဘွန်းရဲ့ ဗဟိုနောက်ခံလူ အင်နာစီယိုကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြောင်း ယုံကြည်ရတဲ့ သတင်းရင်းမြစ်တွေက ဖော်ပြလာကြပါတယ်။

မန်ချက်စတာ ယူနိုက်တက်က သူတို့ရဲ့ အဓိက ဗဟိုနောက်ခံလူ တဦး ဖြစ်သူ ဗာရန်းကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာခွင့် ပြုထားတာကြောင့် အရည်အသွေးမြင့် ဗဟိုနောက်ခံလူ တဦးကို မဖြစ်မနေ ခေါ်ယူဖို့ လိုအပ်နေပြီး လက်ရှိမှာ မန်ချက်စတာ ယူနိုက်တက်ရဲ့ ကင်းထောက်တွေက သူတို့အသင်းနဲ့ ကိုက်ညီမယ့် နောက်ခံလူတွေကို လိုက်လံ ရှာဖွေနေပါတယ်။

Photo Credit: Metro

တဖက်မှာတော့ လီဗာပူးက နည်းပြအပြောင်းအလဲကြောင့် ခေတ်သစ် တခုကို စတင် ဖြတ်သန်းရတော့မှာ ဖြစ်ပြီး လီဗာပူးက ဗန်ဒိုက်နဲ့ ကိုနာတေးတို့လို အရည်အသွေးမြင့် ဗဟိုခံစစ်မှူးတွေကို ပိုင်ဆိုင်ထားပေမယ့် မာတစ်လို ဝါရင့် နောက်ခံလူကို အလွတ်နဲ့ ထွက်ခွာခွင့် ပြုထားရတာကြောင့် ထိပ်တန်း ဗဟိုနောက်ခံလူ တဦးကို ခေါ်ယူဖို့ လိုအပ်နေပါတယ်။

အသက် ၂၂နှစ် အရွယ် ပေါ်တူဂီလက်ရွေးစင် ဗဟိုနောက်ခံလူ ဂွန်ကာလို အင်နာစီယိုက စပို့တင်း လစ္စဘွန်းရဲ့ အကယ်ဒမီ ကနေ ထွက်ပေါ်လာတဲ့ အရည်အသွေးမြင့် ဗဟိုနောက်ခံလူ ဖြစ်ပြီး သူက ယခုနှစ် ဘောလုံးရာသီမှာ စပို့တင်း လစ္စဘွန်း အတွက် အတွက် ပြိုင်ပွဲစုံမှာ ၄၉ပွဲ ပါဝင် ကစားပေးခဲ့ရာ သွင်းဂိုး ၄ဂိုး အထိ သွင်းယူထားနိုင်ပါတယ်။

Photo Credit: Team Talk

နာမည်ကြီး သတင်းထောက် တဦး ဖြစ်သူ ဖာဘရီဇီယို ရိုမာနိုရဲ့ ဖော်ပြချက်အရ မန်ချက်စတာ ယူနိုက်တက်နဲ့ လီဗာပူးတို့ နှစ်သင်းစလုံးက အင်နာစီယိုကို ခေါ်ယူဖို့ စိတ်ဝင်စားနေသလို စောင့်ကြည့်မှုတွေလည်း လုပ်နေကြပြီး မန်ချက်စတာ ယူနိုက်တက်ဟာ လာမယ့် နွေဈေးကွက် အတွင်းမှာ ဗဟိုခံစစ်မှူး တဦးထက် ပိုမို ခေါ်ယူနိုင်ကြောင်း သိရှိရပါတယ်။

အင်နာစီယိုကလည်း မြင့်မားတဲ့ အောင်မြင်မှုတွေကို ရယူချင်တာကြောင့် လာမယ့် နွေဈေးကွက် အတွင်းမှာ စပို့တင်း လစ္စဘွန်းကို စွန့်ခွာဖို့ တွေးတောထားပြီး အင်နာစီယိုရဲ့ စာချုပ်ဖျက်သိမ်းကြေးဟာ ယူရို ၆၀သန်း တန်ကြေး ရှိပါတယ်။