အင်္ဂလန် တိုက်စစ်ကစားသမားဟောင်း မိုက်ကယ် အိုဝင် ကတော့ ချန်ပီယံလိဂ်အုပ်စု နောက်ဆုံးပွဲစဉ်တွေ အဖြစ် ကစားကြမယ့် မန်ယူ၊ ချယ်လ်ဆီး နဲ့ လီဗာပူး စတဲ့ အသင်း‌တွေရဲ့ ဖြစ်ပေါ်လာနိုင်တဲ့ ရလဒ်တွေကို ခန့်မှန်း ပြောဆိုလိုက်ပါတယ်။ အိုဝင် အနေနဲ့ မန်ယူ အသင်းက ပိုတိုးတက်အောင် ကစားဖို့ နေသေးပြီးတော့ ချယ်လ်ဆီး အသင်းကတော့ နည်းပြ ဖရန့် လမ်းပတ် ရဲ့ လက်အောက်မှာ အကောင်းဆုံး ကစားသွားမယ်လို့ ယုံကြည်ကြောင်းလည်း ပြောဆိုခဲ့ပါတယ်။ မိုက်ကယ် အိုဝင် က မန်ယူအသင်းရဲ့ ပွဲစဉ်နဲ့ ပတ်သက်ပြီး အခုလိုပဲ ပြောကြားခဲ့ပါတယ်။ “ မန်ချက်စတာယူနိုက်တက် အသင်းအနေနဲ့ လိုက်ပ်ဇစ် နဲ့ ကစားမယ့် ပွဲစဉ်မှာ ကာဗာနီ နဲ့ မာရှယ် ပါဝင်နိုင်မှာ မဟုတ်ပါဘူး ”

Photo Credit: Metro

“ လိုက်ပ်ဇစ် အသင်းအနေနဲ့ကလည်း ဘွန်ဒက်လီဂါမှာ ဘိုင်ယန်မြူးနစ်ကိုတောင် အဝေးကွင်းမှာ ၃-၃ နဲ့ သရေကျအောင် ကစားနိုင်ခဲ့တဲ့ အသင်းပါ။ ဒါကြောင့်မို့ ဒါဟာ ကြီးမားတဲ့ စစ်ဆေးမှုတစ်ရပ်ဖြစ်တယ်ဆိုတာ ယူနိုက်တက်တို့ ကောင်းကောင်းသိပါတယ်။ အိမ်ကွင်း အသင်းဖြစ်တဲ့ လိုက်ပ်ဇစ် အနေနဲ့ ဒီပွဲကို သေချာပေါက် အနိုင်ရရှိမှသာ နောက်တစ်ဆင့်အတွက် စိတ်ချရမှာပါ။ ဒါပေမယ့်လည်း ယူနိုက်တက် က နောက်တစ်ဆင့်အတွက် အနည်းငယ် အသာစီး ရနေတယ်လို့ မြင်ပါတယ်။ လိုက်ပ်ဇစ်အနေနဲ့ ယူနိုက်တက်ကိုသာ တိုက်စစ်ဆင်ကစားရင် တန်ပြန်တိုက်စစ် အတွက်လည်း အကောင်းဆုံး ပြင်ဆင်ထားမယ်လို့ ကျွန်တော် ထင်ပါတယ်။ ဖြစ်ပေါ်လာနိုင်တဲ့ ရလဒ်ကတော့ လိုက်ပ်ဇစ် ၁-၂ မန်ချက်စတာ ယူနိုက်တက်ပဲ ဖြစ်ပါတယ် ”

Photo Credit: Metro

“ ချယ်လ်ဆီး အသင်းအနေနဲ့ အုပ်စု E ရဲ့ ထိပ်ဆုံးနေရာမှာ ရပ်တည်ထားနိုင်ပြီးတော့ ပြီးခဲ့တဲ့ အပတ်ကလည်း ဆီဗီလာ အသင်းကို ၄ ဂိုးပြတ်နဲ့ နိုင်ခဲ့တယ်။ ချယ်လ်ဆီး အနေနဲ့ အဲ့ဒီပွဲစဉ်တုန်းက အကောင်းဆုံး‌ကစားနိုင်ခဲ့ပြီးတော့ အဲ့ဒီပုံစံကိုသာ ဆက်ထိန်းထားနိုင်ခဲ့ရင် ဒီရာသီက သူတို့ အတွက် အတော်လေး အောင်မြင်မှုရမယ့် ရာသီပါ။ ချယ်လ်ဆီး အသင်းရဲ့ အင်အားက‌ အတော်လေးကြီးမားပြီး သူတို့ အုပ်စု အဆင့်ကို လွယ်လွယ်ကူကူပဲ ဖြတ်သန်းနိုင်လိမ့်မယ်လို့ ကျွန်တော် ထင်ပါတယ်။ ဖြစ်ပေါ်လာနိုင်တဲ့ ရလဒ်ကတော့ ချယ်လ်ဆီး ၂-၀ ခရက်စ်နိုဒါ ဖြစ်ပါတယ်။ လီဗာပူး အသင်းအနေနဲ့ကတော့ ဒီနေ့ပွဲစဉ်မှာ ကစားသမား အပြောင်းအလဲ ပြုလုပ်လာနိုင်ပါတယ်။ ဘယ်လိုပဲဖြစ်နေပါစေ လီ‌ဗာပူးအသင်း အနေနဲ့ ပြိုင်ဘက်အသင်းထက် ပိုပြီး ခြေစွမ်းပြနိုင်ပြီးတော့ ရမှတ် ရှာဖွေနိုင်ပါလိမ့်မယ်။ ဖြစ်ပေါ်လာနိုင်တဲ့ ရလဒ် ကတော့ မစ်ဂျေးလန်း ၀-၁ လီဗာပူး ဖြစ်ပါတယ် ” လို့ ပြောဆိုသွားခဲ့ပါတယ်။