လီဗာပူးလ် မန်ချက်စတာယူနိုက်တက်နဲ့ အာဆင်နယ်အသင်းတွေဟာ လာမယ့် ဇန်နဝါရီလ ဆောင်းစျေးကွက် ပြန်ဖွင့်ချိန်မှာ ဘရိုက်တန်အသင်းရဲ့ ကွင်းလယ်ကစားသမားတစ်ယောက်ဖြစ်တဲ့ ဘစ်ဆူးမားကို အပြိုင်ခေါ်ယူသွားဖို့ ပြင်ဆင်လျက်ရှိနေပြီး ကွင်းလယ်ပိုင်းကို ကစားသမားအင်အား ဖြည့်ချဖို့ လိုအပ်နေတဲ့ လီဗာပူးလ်နဲ့ ယူနိုက်တက်အသင်းတွေကတော့ ဘစ်ဆူးမားကို အရခေါ်ယူဖို့ အပီအပြင် ကြိုးပမ်းနိုင်တယ်လို့ The Mirror သတင်းဌာနကနေ ဖော်ပြထားခဲ့ပါတယ်။

Photo Credit : Eurosport

အသက်(၂၅)နှစ်အရွှယ်ရှိ မာလီလက်ရွေးစင် ကွင်းလယ်ကစားသမား ဘစ်ဆူးမားဟာ ၂၀၁၈ခုနှစ်ကမှ လိုင်လီအသင်းကနေ ဘရိုက်တန်ကို ရောက်ရှိလာခဲ့တာဖြစ်ပြီး အသင်းနဲ့ (၅)နှစ်စာချုပ် ချုပ်ဆိုခဲ့ပါတယ်။ ဘစ်ဆူးမားဟာ ဘရိုက်တန်အသင်းနဲ့အတူ ပရီးမီးယားလိဂ်မှာ ခြေစွမ်းကောင်းတွေ ပြသထားနိုင်တာကြောင့် သူ့ကို ထိပ်သီးကလပ်အသင်းတွေကနေ ခေါ်ယူသွားဖို့ စိတ်ဝင်စားလာကြပြီး လာမယ့် ဆောင်းစျေးကွက် ဖွင့်လှစ်ချိန်မှာတော့ ဘစ်ဆူးမားကို လီဗာပူးလ် ယူနိုက်တက်နဲ့ အာဆင်နယ်အသင်းတွေက ကမ်းလှမ်းမှုတွေ အပြိုင်အဆိုင် လုပ်ဆောင်သွားကြဖွယ် ရှိနေပါတယ်။

Photo Credit : Manchester Evening News

ဒီကစားသမားကို အာဆင်နယ်နဲ့ လီဗာပူးလ်အသင်းတွေက ပြီးခဲ့တဲ့ နွေစျေးကွက်အတွင်းမှာပဲ ပစ်မှတ်ထားခဲ့သေးပေမယ့် တကယ်တမ်း ကမ်းလှမ်းမှုတွေ မရှိခဲ့တာကြောင့် လာမယ့်ဆောင်းစျေးကွက်မှသာ ကမ်းလှမ်းဖွယ် ရှိနေသလို နွေစျေးကွက်အတွင်း ကွင်းလယ်ပိုင်းကို အင်အားမဖြည့်တင်း ဖြစ်ခဲ့ရတဲ့ ယူနိုက်တက်အသင်းကပါ အာဆင်နယ်နဲ့ လီဗာပူးလ်တို့နဲ့အပြိုင် ကမ်းလှမ်းဖွယ် ရှိနေပါတယ်။ ဒါပေမယ့် ကစားသမားဖြစ်သူက ဘရိုက်တန်မှာ ပျော်ရွှင်လျက် ရှိနေသလို ဘရိုက်တန်အသင်းဘက်ကလည်း အသင်းရဲ့ အဓိက ကစားသမားဖြစ်သူ ဘစ်ဆူးမားကို ရောင်းချဖွယ် မရှိနိုင်ပါဘူး။ ဘစ်ဆူးမားရဲ့ လက်ရှိတန်ကြေးက ပေါင်သန်း(၂၀)ဝန်းကျင်လောက်သာ ရှိနေတယ်ဆိုပေမယ့် ဘရိုက်တန်မှာ စာချုပ်သက်တမ်း (၂)နှစ် ကျန်ရှိနေသေးတာကြောင့် ဘရိုက်တန်ဘက်က ပေါင်သန်း(၄၀)အထိ စျေးသတ်မှတ်ထားနိုင်ဖွယ် ရှိပါတယ်။ ဘစ်ဆူးမားဟာ ကွင်းလယ်ဗဟိုမှာ ကစားတတ်သူဖြစ်ပြီး လိုအပ်ရင် ကွင်းလယ်ခံစစ်နေရာမှာလည်း ပြောင်းလဲကစားတတ်သူဖြစ်လို့ ကွင်းလယ်ခံစစ်ပိုင်းအတွက် အားဖြည့်ဖို့ လိုအပ်နေတဲ့ ယူနိုက်တက်အသင်းရဲ့ ဆောင်းရာသီ အဓိကပစ်မှတ် ဖြစ်လာနိုင်ပြီး နွေစျေးကွက်အတွင်း ရော်နယ်လ်ဒို ဆန်ချို ဗာရန်းတို့ကို ခေါ်ယူထားတဲ့ ယူနိုက်တက်အသင်းဆီ လာမယ့် ဇန်နဝါရီမှာ ဘစ်ဆူးမား ရောက်လာနိုင်မလားဆိုတာ စောင့်ကြည့်သွားရပါလိမ့်မယ်။