အီတလီ စီးရီးအေ အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ ဂျူဗင်တပ်ရဲ့ အဓိက တိုက်စစ်မှူး တဦး ဖြစ်သူ ဒိုင်ဘာလာရဲ့ အေးဂျင့်ဖြစ်သူဟာ သူ့ရဲ့ ကစားသမားကို အလွတ်နဲ့ ခေါ်ယူနိုင်ကြောင်း ပရီးမီးယားလိဂ်ရဲ့ ထိပ်သီးကလပ်တွေ ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်နဲ့ လီဗာပူးတို့ကို ကမ်းလှမ်းထားတယ်လို့ အီတလီ အခြေစိုက် သတင်းဌာနတွေက အခိုင်အမာ ဖော်ပြသွားကြပါတယ်။

အသက် ၂၈နှစ် အရွယ် အာဂျင်တီးနား လက်ရွေးစင် တိုက်စစ်မှူး ပေါ်လို ဒိုင်ဘာလာဟာ ပြီးခဲ့တဲ့ ၅နှစ်တာ ကာလအတွင်းမှာ ဂျူဗင်တပ်ရဲ့ မရှိမဖြစ် ကစားသမား တဦး အဖြစ် ခြေစွမ်းပြ ကစားနေသူ ဖြစ်ပေမယ့် ယခုနှစ် ဘောလုံးရာသီမှာ အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မယ့် ကစားသမားပါ။

Photo Credit: Express

ကနဦးမှာ ဒိုင်ဘာလာဟာ ဂျူဗင်တပ်နဲ့ ကာလရှည် စာချုပ်တရပ် ချုပ်ဆိုဖို့ နှုတ်အားဖြင့် သဘောတူညီမှု ရယူနိုင်ခဲ့ပေမယ့် ဂျူဗင်တပ်ဘက်က ဘဏ္ဍာရေး အကြပ်အတည်းကို အကြောင်းပြကာ စာချုပ်သစ် အတွက် ဆွေးနွေးမှုတွေကို ရပ်ဆိုင်းလိုက်တာကြောင့် ဒိုင်ဘာလာရဲ့ အေးဂျင့်က သူ့ရဲ့ ကစားသမား အတွက် အသင်းသစ်ကို စတင် ရှာဖွေနေတာပဲ ဖြစ်ပါတယ်။

ဒိုင်ဘာလာဟာ ယခုနှစ် ဘောလုံးရာသီမှာ ဂျူဗင်တပ် အတွက် ပြိုင်ပွဲစုံမှာ စုစုပေါင်း ၂၃ပွဲ ပါဝင် ကစားပေးခဲ့ရာ သွင်းဂိုး ၁၁ဂိုး သွင်းယူနိုင်ခဲ့ကာ ဂိုးဖန်တီးမှု ၄ကြိမ် ပြုလုပ်ထားနိုင်ပြီး သူ့ရဲ့ စွမ်းဆောင်ရည်က အတော်လေးကို ကောင်းမွန်တဲ့ အနေအထား တရပ်မှာ ရှိနေပါတယ်။

Photo Credit: Express

ဒါကြောင့်ပဲ မန်ချက်စတာ ယူနိုက်တက်နဲ့ လီဗာပူးရဲ့ တာဝန်ရှိသူတွေက ဒိုင်ဘာလာကို အလွတ်နဲ့ ခေါ်ယူဖို့ စိတ်ဝင်စားနေကြပြီး သူ့ရဲ့ အေးဂျင့်နဲ့ အပြောင်းအရွှေ့ အတွက် ဆွေးနွေးမှုတွေလည်း စတင် ပြုလုပ်နေကြောင်း နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ 90 Mins သတင်းဌာနက ဆိုပါတယ်။

ဂျူဗင်တပ်နဲ့ နီးစပ်တဲ့ သတင်းဌာန တခု ဖြစ်တဲ့ Tutto Sports သတင်းဌာနကလည်း ဒိုင်ဘာလာ အနေနဲ့ အသင်းမှာ ဆက်နေဖို့ထက် အသင်းကနေ ထွက်ခွာဖို့ ပိုမို ရာခိုင်နှုန်း များလာကြောင်း ယနေ့မနက်ပိုင်းမှာပဲ ထုတ်ဖော် ရေးသားလာပြီး မန်ချက်စတာ ယူနိုက်တက်က ဒိုင်ဘာလာကို ခေါ်ယူဖို့ စိတ်အဝင်စားဆုံး ဖြစ်နေကြောင်းလည်း ဖော်ပြထားပါတယ်။